မန္တလေးမှာ အခေါက်ရွှေ ရောင်းဝယ်မှု ရပ်ဆိုင်း

ပြည်တွင်း အခေါက်ရွှေဈေးတွေ အဆမတန် မြင့်တက်လာပြီးနောက် အခေါက်ရွှေ အရောင်း၊ အဝယ် နှစ်မျိုးလုံးကို ရပ်ဆိုင်းထားတယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်းက ပြောပါတယ်။

ရန်ကုန်မြို့၊ မဟာဗန္ဓုလလမ်းမကြီးပေါ်ရှိ ရတနာရွှေဆိုင်တစ်ဆိုင်ကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၁၆ ရက်နေ့က တွေ့ရစဉ်။

ပြည်တွင်း အခေါက်ရွှေဈေးတွေ အဆမတန် မြင့်တက်လာပြီးနောက် အခေါက်ရွှေ အရောင်း၊ အဝယ် နှစ်မျိုးလုံးကို မေလ ၂၃ ရက် ဒီနေ့စလို့ ရပ်ဆိုင်းထားတယ်လို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်းက ပြောပါတယ်။

ရွှေလုပ်ငန်းလုပ်ကိုင်သူ မဟုတ်ဘဲ ပြင်ပစီးပွားရေးလုပ်ငန်းရှင်တွေက ရွှေဝယ်ယူစုဆောင်းတာတွေရှိနေပြီး ရွှေစျေးနှုန်း မြင့်တက်နေတာကြောင့် ရပ်ဆိုင်းတာလို့ မန္တလေးတိုင်း ရွှေလုပ်ငန်းရှင်အသင်း တာဝန်ရှိသူတစ်ဦးက RFA ကို ပြောပါတယ်။

“ခဏပိတ်ထားတာပေါ့။ တစ်ခြားအပြင်ကလူတွေ တအားဝယ်ပြီး စျေးတက်မှာစိုးလို့။ တချို့ကလုပ်ငန်းစုံက ဝင်ဝယ်တယ်။ မြေသမား၊ ကားသမား၊ ဆေးပစ္စည်းသမားတွေ အစုံပေါ့။ အဲဒါမျိုးတွေကို မရောင်းမိအောင် စျေးကျအောင်လို့ ပိတ်ချလိုက်တာ"

အခေါက်ရွှေ ရောင်းဝယ်မှုကို ဘယ်အချိန်အထိ ပိတ်ထားမယ်ဆိုတာတော့ လတ်တလောမှာ သတ်မှတ်ထားတာ မရှိသေးဘူးလို့လည်း သူက ဆိုပါတယ်။

မေ ၂၃ ရက် ဒီနေ့မနက်ပိုင်းမှာ အခေါက်ရွှေ တစ်ကျပ်သားကို ငွေကျပ် ၅၂ သိန်းနီးပါး (၅,၁၇၀,၀၀၀) အထိရှိလာပြီး အမေရိကန် ဒေါ်လာငွေ လဲလှယ်နှုန်းကလည်း တစ်ဒေါ်လာကို ငွေကျပ် လေးထောင်ကျော် (၄,၀၇၀) အထိ ရှိလာတာပါ။

ပြည်တွင်းထဲက ရွှေတွင်းတွေ မိုးရာသီကာလ ရပ်နားလာတာ၊ ကမ္ဘာ့ရွှေဈေးတွေ မြင့်တက်လာတာကြောင့် ရွှေဈေးတွေ အခုရက်ပိုင်း မြင့်တက်လာတာလို့လည်း ရွှေလုပ်ငန်း လုပ်ကိုင်နေသူတွေက ပြောပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က ရွှေတစ်ကျပ်သား ၁၃ သိန်းဝန်းကျင်နဲ့ အမေရိကန်ဒေါ်လာ တစ်ဒေါ်လာကို ၁၃၀၀ ကျပ်ဝန်းကျင်သာရှိခဲ့ပြီး လက်ရှိ အာဏာသိမ်းသုံးနှစ်ကျော်အတွင်းမှာ ရွှေဈေးနှုန်း လေးဆနီးပါးအထိ မြင့်တက်ခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းသုံးနှစ်ကျော်အတွင်း ပြည်တွင်းရွှေဝယ်လိုအားက ရောင်းနိုင်တဲ့ ပမာဏထက်များနေတာ၊ နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ငွေစက္ကူရိုက်နှိပ်မှုနဲ့ ပတ်သက်တဲ့ ကောလာဟလတွေကြောင့် ရွှေဝယ်စုကြတာ၊ ရွှေထွက်တဲ့ဒေသတွေမှာ တိုက်ပွဲတွေဖြစ်နေတာကြောင့် ရွှေဈေးနှုန်းစံချိန်တင် မြှင့်တက်လာတာလို့ သုတေသနအဖွဲ့တစ်ခုဖြစ်တဲ့ Data For Myanmar ရဲ့ မတ်လ ၁၇ ရက်နေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org