အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ စစ်ကောင်စီကို G7 အဖွဲ့ဝင်နိုင်ငံတွေတောင်းဆို

မြန်မာနိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းတွေ ဝင်ရောက်နေတာကို တားဆီးပိတ်ပင်ဖို့လည်း နိုင်ငံတွေအားလုံးကို G7 ကထပ်မံတောင်းဆိုလိုက်ပါတယ်။

၂ဝ၂၃ ခုနှစ် ဧပြီလ ၁၈ ရက်နေ့က ဂျပန်နိုင်ငံတွင် ကျင်းပသည့် G7 နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေး မြင်ကွင်းတစ်ခု။ Reuters

အဖွဲ့ဝင် ခုနစ်နိုင်ငံပါတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေက မြန်မာစစ်တပ်ရဲ့ လုပ်ရပ်တွေကို ရှုတ်ချလိုက်ပြီး အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့ တောင်းဆိုလိုက်ပါတယ်။

ဧပြီလ ၁၁ ရက်နေ့က စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်မှာ ကလေးအယောက် ၄ဝ အပါအဝင် စုစုပေါင်း ၁၆၈ ယောက် သေဆုံးခဲ့ရတဲ့ စစ်ကောင်စီတပ်ရဲ့ လေကြောင်း ပစ်ခတ်မှုကို G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေက ပြင်းပြင်းထန်ထန်ရှုတ်ချလိုက်တာပါ။

ဂျပန်နိုင်ငံမှာ ကျင်းပတဲ့ G7 စက်မှုထိပ်သီးနိုင်ငံတွေရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေအစည်းအဝေးအပြီး ဧပြီ ၁၈ရက်နေ့က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဒီလို အကြမ်းဖက်မှုအားလုံးကို ချက်ချင်းရပ်ဖို့၊ နိုင်ငံရေးအကျဉ်းသားတွေနဲ့ မတရားချုပ်နှောင်ခံထားရသူတွေ အားလုံးကို ပြန်လွှတ်ဖို့၊ တိုင်းပြည်ကို စစ်မှန်တဲ့ ဒီမိုကရေစီလမ်းကြောင်းပေါ် ပြန်ရောက်စေဖို့ မြန်မာစစ်တပ်ကို တောင်းဆိုထားပါတယ်။  

NLD အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အပါအဝင် နိုင်ငံရေးပါတီ ၄ဝ လောက်ကို ဖျက်သိမ်းလိုက်တဲ့အပေါ်မှာလည်း ရှုတ်ချထားပြီး၊ မြန်မာစစ်တပ်အနေနဲ့ အားလုံးပါဝင်ပြီး ငြိမ်းချမ်းတဲ့ တွေ့ဆုံဆွေးနွေးပွဲကို ဖန်တီးသင့်တယ်လို့လည်း ကြေညာချက်မှာ ထောက်ပြထားပါတယ်။

ဒါ့အပြင် မြန်မာနိုင်ငံအတွင်း စစ်လက်နက်ပစ္စည်းတွေ ဝင်ရောက်နေတာကို တားဆီးပိတ်ပင်ဖို့လည်း နိုင်ငံတွေအားလုံးကို ထပ်မံတောင်းဆိုလိုက်ပါတယ်။

မြန်မာနဲ့ပတ်သက်တဲ့ ဘုံသဘောတူညီချက် အကောင်အထည်ဖော်နိုင်အောင် အရှေ့တောင်အာရှနိုင်ငံများအသင်း အာဆီယံရဲ့ ကြိုးပမ်းမှုတွေကို ဆက်လက် ထောက်ခံအားပေးသွားမှာဖြစ်ကြောင်းနဲ့ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ အထူးကိုယ်စားလှယ်ကိုလည်း ထောက်ခံသွားမှာဖြစ်သလို၊ ကုလသမဂ္ဂ လုံခြုံရေးကောင်စီရဲ့ ဆုံးဖြတ်ချက် ၂၆၆၉ ကိုလည်း ကြိုဆိုပါတယ်လို့ ဆိုပါတယ်။

လုံခြုံရေးကောင်စီရဲ့ဆုံးဖြတ်ချက် ၂၆၆၉ ထဲမှာ အကြမ်းဖက်မှုတွေ ချက်ချင်းရပ်ဖို့၊ လူ့အခွင့်အရေးနဲ့ အခြေခံလွတ်လပ်ခွင့်တွေကို လေးစားဖို့၊ အရပ်သားပြည်သူတွေကို ကာကွယ်ဖို့ စတဲ့အချက်တွေကို အဓိက တောင်းဆိုထားတာ ဖြစ်ပါတယ်။

G7 နိုင်ငံခြားရေးဝန်ကြီးတွေရဲ့ ကြေညာချက်မှာ ရိုဟင်ဂျာတွေအပါအဝင် ဒုက္ခသည်တွေအားလုံး ဂုဏ်သိက္ခာရှိရှိ နေရပ်ပြန်နိုင်မယ့်အခြေအနေတွေ ဖန်တီးပေးဖို့ လိုအပ်တယ်လို့လည်း ထည့်သွင်းတောင်းဆိုထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org