တရုတ်နိုင်ငံကို သစ်သီးတင်ပို့တဲ့ နယ်စပ်ကုန်သွယ်ရေး ဂိတ်အသစ် ထပ်တိုးဖွင့်ဖို့ စီစဉ်
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဖရဲ၊ သခွား သစ်သီးတွေ တင်ပို့ရာမှာ အသုံးပြုခဲ့တဲ့ ကျင်စန်းကျော့ဂိတ်ကို တရားဝင် နယ်စပ်ဂိတ်ဖြစ်လာဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
-
2019-01-05 -
-
-
မြန်မာနိုင်ငံကနေ တရုတ်နိုင်ငံကို ဖရဲ၊ သခွား သစ်သီးတွေ တင်ပို့ရာမှာ အသုံးပြုခဲ့တဲ့ ကျင်စန်းကျော့ဂိတ်ကို တရားဝင် နယ်စပ်ဂိတ်ဖြစ်လာဖို့ စီစဉ်ဆောင်ရွက်နေတယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က ပြောပါတယ်။
စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အပါအဝင် သက်ဆိုင်တဲ့ ဝန်ကြီးဌာန အချင်းချင်း ပေါင်းစပ်ညှိနှိုင်းပြီး တရုတ်နိုင်ငံနဲ့ နှစ်နိုင်ငံ ဝင်ထွက်ဂိတ် အသစ်ဖွင့်နိုင်ဖို့ စီစဉ်ဆောင်ရွက်သွားမယ်လို့ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန အမြဲတမ်း အတွင်းဝန် ဦးရန်နိုင်ထွန်းက RFA ကို ပြောပါတယ်။
မူဆယ် ၁၀၅ မိုင် ကုန်သွယ်ရေးဇုန်ကနေ တရုတ်နိုင်ငံကို သစ်ဦးတင်ပို့နေတဲ့ ကျင်စမ်းကျော့လမ်းကြောင်းကို နှစ်နိုင်ငံ အစိုးရ တာဝန်ရှိသူတွေက တရားမဝင် ကုန်သွယ်တဲ့လမ်းကြောင်းဆိုပြီး ဒီဇင်ဘာလ နောက်ဆုံးပတ်မှာ ပိတ်လိုက်ပြီးနောက်မှာ သစ်သီးတင်ယာဉ် အစီးရေ ထောင်နဲ့ချီပြီး မူဆယ်မြို့မှာ ပိတ်ဆို့နေခဲ့ပြီး ကုန်သည်တွေ ဒုက္ခရောက်ခဲ့ရပါတယ်။
သစ်သီးကားတစ်စီးကို မြန်မာငွေ သိန်း ၃၀ ကနေ ၄၀ ကြားမှာ ဆုံးရှုံးနစ်နာမှုတွေ ရှိနေတဲ့အတွက် သစ်သီးကုန်သည်တွေက အရင်ပို့နေကြ လမ်းကြောင်းဖြစ်တဲ့ ကျင်စန်းကျော့ဂိတ်ကို တရားဝင် ဖွင့်ပေးဖို့နဲ့ တရားဝင် ဖွင့်ခွင့်မပြုခင်မှာလည်း ယာယီပြန်လည်ဖွင့်လှစ်ပေးဖို့ စီးပွားကူးသန်းဝန်ကြီးနဲ့ တွေ့ဆုံစဉ်မှာ တောင်းဆိုခဲ့တယ်လို့ မြန်မာနိုင်ငံ ဖရဲ၊သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်း ဥက္ကဋ္ဌ ဦးနိုင်ဝင်းက RFA ကို ပြောပါတယ်။
ဒါကြောင့် ဒီပြဿနာကို ဖြေရှင်းဖို့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၃ ရက်နေ့က စီးပွားကူးသန်း ပြည်ထောင်စုဝန်ကြီး ဒေါက်တာ သန်းမြင့်နဲ့ မြန်မာနိုင်ငံ ဖရဲ၊ သခွားမွှေး စိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းတို့ တွေ့ဆုံခဲ့ပြီးနောက်မှာ တရုတ်နိုင်ငံကို ဖရဲသီးနဲ့ သခွားသီးတွေ တင်ပို့တဲ့ တရားဝင်နယ်စပ်ဂိတ် ထပ်ဖွင့်နိုင်ဖို့ စီစဉ်နေတာဖြစ်ပါတယ်။
ဇန်နဝါရီလ ၃ ရက်နေ့က တရုတ် နိုင်ငံဘက်က ဝမ်တိန်ဂိတ်ကို ဖရဲနဲ့ သခွား ကားစီးရေ ၂၂၇ စီးဝင်ပြီး လမ်းမှာ အစီးရေ ၆၀၀ ကျော် ရှိနေသေးတယ်လို့ သစ်သီးကုန်သည်တွေ စာရင်းအရ သိရပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသက်စုအောင် ပေးပို့တာပါ။