FEC လက်မှတ်များ ရုပ်သိမ်းတော့မည်
မြန်မာနိုင်ငံမှာ အမေရိကန်ဒေါ်လာ အစား အစားထိုးသုံးစွဲနေတဲ့ FEC လက်မှတ်တွေကို ဗဟိုဘဏ်က မကြာခင် ရုပ်သိမ်းပြီး နိုင်ငံခြားငွေ လဲလှယ်နှုန်းကို တရားဝင် ပြောင်းလဲသတ်မှတ်မယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်းက မနေ့က သတင်းစာ ရှင်းလင်းပွဲမှာ ပြောကြားခဲ့တယ်လို့ သိရပါတယ်။
-
2011-08-13 -
-
-
မြန်မာနိုင်ငံရှိ ပုဂ္ဂလိကဘဏ်တခုတွင် ငွေစက္ကူထုပ်များကို ရေတွက်နေသော ဘဏ်အမှုထမ်း နှစ်ဦး ဖြစ်ပါသည်။ (Photo: AFP)
AFP
ဒါနဲ့ ပတ်သက်ပြီး အဲဒီ သတင်းစာရှင်းလင်းပွဲ တက်ရောက်ခဲ့သူတဦးက RFA ကို အခုလို ပြောပြပါတယ်။
“အဓိကကတော့ နိုင်ငံခြားငွေ အမေရိကန်ဒေါ်လာနဲ့ မြန်မာငွေကို သူတို့ နှုန်းတခု သတ်မှတ်ပြီးသွားတဲ့ အခါကျရင် FEC ကို အပြီး ရုတ်သွားလိမ့်မယ်။ ဒီမှာ နိုင်ငံခြားငွေ တရားဝင် ကိုင်ဆောင်ခွင့်လည်း ရသွားလိမ့်မယ်။ ကာလတခုမှာ သူတို့ ဆွေးနွေးညှိနှိုင်းပြီး ရုတ်မယ်လို့ ပြောတာ”
FEC ငွေကြေးကို ပြန်လည်ရုပ်သိမ်းရာမှာ လက်ဝယ်ရှိသူတွေ နစ်နာမှု မရှိရအောင် တရားဝင် သတ်မှတ်ထားတဲ့ ပေါက်ဈေးနဲ့ လဲလှယ်ပေးမယ်၊ ဒါမှမဟုတ် အမေရိကန်ဒေါ်လာနဲ့ လဲပေးမယ်လို့ ဗဟိုဘဏ်ဥက္ကဋ္ဌ ဦးသန်းငြိမ်းက သတင်းထောက်တွေကို ပြောပါတယ်။
မြန်မာအစိုးရဟာ တရုတ်နိုင်ငံကို နမူနာယူပြီး FEC လက်မှတ်တွေကို ၁၉၉၃ ခုနှစ်မှာ စတင် ထုတ်ဝေသုံးစွဲခဲ့ပြီး နိုင်ငံခြားဒေါ်လာငွေ သုံးရတဲ့ ပြည်တွင်းလုပ်ငန်းတွေမှာ FEC ကိုပဲ အသုံးပြုစေခဲ့ပါတယ်။