မော်လိုက်က ရေဘေးသင့်ရွာတွေ အကူအညီ လိုအပ်နေ
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံသုံးသောင်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-07-06 -
-
-
စစ်ကိုင်းတိုင်း၊ မော်လိုက်မြို့နယ်၊ ရွာပေါင်း ဆယ်ရွာကျော်က ဒေသခံသုံးသောင်းကျော် ရေဘေးဒုက္ခကြုံနေရပြီး အကူအညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဝဲကသာ၊ ရေခါတွန်၊ ကုန်းခါတွန်၊ တပ်ကုန်းနဲ့ တောင်အင်းစတဲ့ ချင်းတွင်းမြစ်ကမ်းတစ်လျှောက်က ရွာပေါင်း ဆယ်ရွာကျော် အကူအညီတွေ လိုအပ်နေတာလို့ ဆိုပါတယ်။
မော်လိုက်မြို့ထဲက အနိမ့်ပိုင်းရပ်ကွက်နဲ့ ကျေးရွာတွေမှာ ကိုးပေအထိ ရေဝင်ရောက်နေပြီး ကယ်ဆယ်ရေးလည်း မလုံလောက်ဘူးလို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“ကယ်ဆယ်ရေးဆိုတာက အရင်လို Shuter တွေ မဟုတ်ဘူး။ ဘုန်းကြီးကျောင်းလို နှစ်ထပ်အိမ်လိုတွေမှာ ကယ်ဆယ်ထားကြရတာပေါ့။ တော်တော်လေးကို ဒုက္ခရောက်နေကြတာ။ စားရေးသောက်ရေးလည်း ခက်တယ်။ ကယ်ဆယ်ရေးကလည်း အချင်းချင်းကို ပြန်ကူညီနေကြတာ။ တချို့တွေဆို ရေကြီးတဲ့ရက်မှာ အလုပ်မလုပ်နိုင်လို့ ထမင်းမစားရတာတွေ ရှိတယ်”
ဒီနေ့ မနက်အစောပိုင်းမှာ ချင်းတွင်းမြစ်ရေ အနည်းငယ်ပြန်ကြသွားပေမဲ့ လူနေအိမ်တွေမှာ ရေတွေ ရှိနေသေးတာကြောင့် ဒေသခံတွေ အိမ်ပြန်လို့မရသေးဘူးလို့ ဆိုပါတယ်။
ဇူလိုင် ၄ ရက်နေ့ ညပိုင်းကစပြီး မော်လိုက်မြို့၊ ချင်းတွင်းမြစ်ကမ်းဘေးက ရွာတွေကို ရေစတင်ဝင်ရောက်ခဲ့တာဖြစ်ပြီး လူသေဆုံးမှုတော့ မရှိဘူးလို့ ဒေသခံတွေက ပြောပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ကူညီပေးနေမှုအခြေအနေကို တိတိကျကျသိရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ လူမှုရေးဝန်ကြီး ဦးညွန့်ဝင်းအောင်ကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမဲ့ လက်ခံမဖြေဆိုပါဘူး။
ဧရာဝတီမြစ်၊ ချင်းတွင်းမြစ်၊ နန့်ယင်းနဲ့ နန့်ကောင်းချောင်းရေ မြင့်တက်လာတာကြောင့် မြို့ ၁၂ မြို့မှာ ရေကြီးရေလျှံဖြစ်လာနိုင်တယ်လို့ မိုးလေဝသနဲ့ ဇလဗေဒ ညွှန်ကြားရေးမှူးဦးစီးဌာနက ဇူလိုင် ၅ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။