နေရပ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်မြင့်တက်နေကြောင်း ကုလပြော

RFA Burmese
2024.04.05
နေရပ်စွန့်ခွာထွက်ပြေးရသူ စံချိန်တင်မြင့်တက်နေကြောင်း ကုလပြော နေရပ်စွန့်ခွာ ထွက်ပြေးနေရသော မံစီဒေသခံများကို ၂၀၂၄ ခုနှစ် မတ်လ ၄ ရက်နေ့က တွေ့ရစဥ်။
သုညသုခ ပရဟိတ လူငယ်အသင်း

မြန်မာနိုင်ငံမှာ လက်နက်ကိုင်ပဋိပက္ခတွေ အရှိန်မြင့်လာနေသလို နေရပ်စွန့်ခွာထွက်ပြေးရသူအရေအတွက်ဟာလည်း စံချိန်တင်မြင့်တက်နေကြောင်း ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) က ဧပြီလ ၅ ရက် ဒီနေ့မနက်က ထုတ်ပြန်ပါတယ်။

၂၀၂၁ အာဏာသိမ်းမှုဖြစ်စဉ်နောက်ပိုင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူ ၂ ဒသမ ၅ သန်းကျော်ရှိခဲ့ပြီး ယခင်ရှိနှင့်ပြီးသား အရေအတွက်နဲ့ပေါင်းရင် နိုင်ငံတစ်ဝန်းမှာ အိုးမဲ့အိမ်မဲ့ဖြစ်ရသူ ၂ ဒသမ ၈ သန်းကျော်အထိ ရှိလာနေတယ်လို့ ဆိုပါတယ်။

ရခိုင်ပြည်နယ်မှာ တိုက်ပွဲတွေကြောင့် အရပ်သားထိခိုက်မှုအန္တရာယ် ပိုမိုမြင့်တက်နေပြီး လူသားချင်းစာနာမှု ဆိုင်ရာ လိုအပ်ချက်တွေ ပိုမိုဆိုးရွားလာနေပါတယ်။ အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသူတွေဟာလည်း သောက်သုံးရေ ရှားပါးမှုဒဏ်ကိုပါ ရင်ဆိုင်နေကြရတယ်လို့လည်း ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။

ကချင်ပြည်နယ်မှာ မတ်လ ၇ ရက်နေ့က စတင်ခဲ့တဲ့ ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) ရဲ့ ထိုးစစ်တွေ ကြောင့် မြို့နယ် ၁၀ ခုက လူဦးရေ တစ်သောင်းရှစ်ထောင်ကျော် အိုးအိမ်စွန့်ခွာထွက်ပြေးနေကြရသလို စစ်ကိုင်းတိုင်းမှာလည်း ဖေဖော်ဝါရီလနှောင်းပိုင်းက စတင်ခဲ့တဲ့ တိုက်ပွဲတွေကြောင့် အရပ်သား နှစ်သောင်း ရှစ်ထောင်ခန့် အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရတယ်လို့ဆိုပါတယ်။

ကုလသမဂ္ဂအနေနဲ့ ရန်ပုံငွေအခက်အခဲကြောင့် တုံ့ပြန်ဆောင်ရွက်ရေးအစီအစဉ်တွေ အလုပ်မတွင်ဖြစ်နေရပြီး မုန်တိုင်းရာသီအကြို ရိက္ခာပြတ်လပ်မှုတွေကိုဖြည့်ဆည်းဖို့ ရန်ပုံငွေ အရေးပေါ်လိုအပ်နေတယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။