ကျောက်ကြီးမှာ လေကြောင်းတိုက်ခိုက်မှုကြောင့် အရပ်သား ငါးထောင်ကျော် ထွက်ပြေးနေရ

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်ရွာအနီးကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေလုပ်နေလို့ ရွာရှစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရပါတယ်။

စစ်ကောင်စီလက်နက်ကြီးကြောင့် ပျက်စီးခဲ့သည့် ရွှေကျင်မြို့နယ်အတွင်းရှိ နေအိမ်တစ်လုံးကို ၂၀၂၃ ခုနှစ်၊ ဩဂုတ်လ ၃၁ ရက်နေ့က တွေ့ရစဉ်။ KNU

ပဲခူးတိုင်း ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်ထဲက သစ်ချဆိပ်ရွာအနီးကို စစ်ကောင်စီတပ်က လေကြောင်းတိုက်ခိုက်မှုတွေ လုပ်နေလို့ ရွာရှစ်ရွာက ဒေသခံ ငါးထောင်ကျော် ထွက်ပြေးနေရတယ်လို့ ကရင်အမျိုးသားအစည်းအရုံး (KNU) က စက်တင်ဘာလ ၁ ရက် ဒီနေ့မနက်မှာ ထုတ်ပြန်ပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် သစ်ချဆိပ်ရွာအပါအဝင် ဖိုးသောစ၊ မျက်ရဲကရင်၊ မျက်ရဲဗမာ၊ တိုင်ပင်၊ ကျွန်း ကုန်း၊ ဥသျှစ်ခင်နဲ့ ငလောက်တိုက်ရွာ စတဲ့ ရွာရှစ်ရွာက ဒေသခံ ၅၆၆၂ ဦး ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ ဆိုပါတယ်။

သစ်ချဆိပ်ရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်တို့ တိုက်ပွဲဖြစ်ပြီးနောက် စစ်ကောင်စီတပ်က လေကြောင်းနဲ့ ဗုံးကြဲ တိုက်ခိုက်ခဲ့တာဖြစ်ပြီး အရပ်သားပစ်မှတ်တွေကို ဦးတည်တိုက်ခိုက်နေတယ်လို့လည်း KNU က ပြောပါတယ်။

သစ်ချဆိပ်ရွာဟာ မုန်းမြို့နယ် အုပ်ချုပ်မှုနယ်မြေအတွင်းမှာ ပါဝင်တယ်လို့လည်း KNU ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်အတွင်းက ကျေးရွာတွေဘက်ကိုလည်း စစ်ကောင်စီ တပ်က ဩဂုတ်လ ၃၀ ရက်ကစပြီး နှစ်ရက်ဆက်တိုက် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တဲ့ အတွက် ဒေသခံတစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။

စစ်ကောင်စီရဲ့ ပဲခူးတိုင်းပြောခွင့်ရသူ စီးပွားရေးရာဝန်ကြီး ဦးတင်ဦးကတော့ ရွှေကျင်နဲ့ မုန်းမြို့နယ်ဘက်မှာ နယ်မြေလုံခြုံရေးအတွက် ဆောင်ရွက်နေတာတွေရှိပြီး လက်နက်ကြီး ပစ်ခတ်မှု၊ လေကြောင်း တိုက်ခိုက်မှုအခြေအနေကိုတော့ မကြားမိသေးဘူးလို့ RFA ကို ပြောပါတယ်။

စစ်တပ်အာဏာသိမ်းထားတဲ့ နှစ်နှစ်ခွဲကျော်အတွင်း ကရင်အမျိုးသားအစည်းအရုံး (KNU) တပ်မဟာ (၃) နယ်မြေ ညောင်လေးပင်ခရိုင်ထဲမှာ တိုက်ပွဲပေါင်း ၁၁၄၃ ကြိမ်ဖြစ်ခဲ့ပြီး အရပ်သား ၁၇၀,၀၀၀ ကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတယ်လို့ KNU ရဲ့ ထုတ်ပြန် ချက်တွေမှာ ဖော်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org