ကန့်ဘလူမြို့ ကံကြီးအနောက်ရွာသားငါးဦး အသတ်ခံရ
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကံကြီးအနောက်ရွာကို မေလ ၃၁ ရက်နေ့ မနေ့က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာလုံခြုံရေးလုပ်ဆောင်နေတဲ့ အရပ်သားငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
- 2022-06-01
-
-
-
စစ်ကိုင်းတိုင်း ကန့်ဘလူမြို့နယ်၊ ကံကြီးအနောက်ရွာကို မေလ ၃၁ ရက်နေ့ မနေ့က ဝင်ရောက်လာတဲ့ စစ်ကောင်စီတပ်သားတွေဟာ ရွာလုံခြုံရေးလုပ်ဆောင်နေတဲ့ အရပ်သားငါးဦးကို ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
သေဆုံးသူတွေဟာ အသက် ၄၇ နှစ်အရွယ် ဦးမောင်စိုး၊ အသက် ၃၇ နှစ်အရွယ် ကိုကျော်မျိုးသူ၊ အသက် ၅၀ အရွယ် ဦးတောရှောင်၊ အသက် ၃၆ နှစ်အရွယ် ကိုထွန်းနဲ့ အသက် ၃၄ နှစ်အရွယ် ကိုဝင်းသူရတို့ ဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။
မနက်အစောပိုင်း ရုတ်တရက်ဝင်ရောက်လာပြီး ဖမ်းဆီးသတ်ဖြတ်သွားတာလို့ လုံခြုံရေး အရ အမည်မဖော်လိုတဲ့ ကံကြီးရွာ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“စစ်သားတွေက ချပ်သင်းရဲစခန်းမှာ တပ်စွဲထားတာ။ ချပ်သင်းနဲ့ ကံကြီးအနောက်ရွာ နဲ့က နီးတယ်။ မနက်အစောကြီး ရောက်လာတာ။ အသတ်ခံရတဲ့သူတွေက ပြည်သူတွေ ပါ။ ရွာလုံခြုံရေးလုပ်နေတဲ့သူတွေ။ ကာကွယ်ရေးတပ်ကလည်း မဟုတ်ဘူး။ လုံခြုံရေး လုပ်တဲ့ အိမ်ကိုလည်း စစ်သားတွေက မီးရှို့သွားတယ်”
စစ်ကောင်စီ တပ်သားတွေနဲ့အတူ ပျူစောထီးအဖွဲ့တွေ အားလုံးပေါင်း ၂၀ နီးပါး ပါဝင်ပြီး အရပ်ဝတ်တွေပဲ ဝတ်ဆင်ထားတယ်လို့ ဒေသခံက ဆိုပါတယ်။
ဒေသခံတွေရဲ့ ပြောဆိုမှုနဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီပြောခွင့်ရ ဗိုလ်ချုပ် ဇော်မင်းထွန်းကိုလည်း ညနေပိုင်းအထိ ဖုန်းခေါ်ဆိုလို့ မရသေးပါဘူး။
ပြီးခဲ့တဲ့ မေလ ၂၉ ရက်နေ့ကလည်း ပင့်သာရွာအနားမှာ တောင်ယာလုပ်နေတဲ့ အသက် ၂၀ အရွယ် ကိုစိုးသန်းနဲ့ အသက် ၅၀ အရွယ် ဦးညီညီဝင်းတို့ကို စစ်ကောင်စီတပ်သားတွေ ဖမ်းဆီးသွားခဲ့ပြီး နောက်မနေ့မှာတော့ ရွာအနီးမှာ အလောင်းပြန်တွေ့ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ကန့်ဘူမြို့နယ်ဟာ စစ်ကောင်စီရဲ့ အင်တာနက်ဖြတ်တောက်ခံထားရတဲ့ ဒေသတွေထဲက မြို့နယ်တစ်ခု ဖြစ်ပါတယ်။
နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ မေလ ၃၁ ရက်နေ့ စာရင်းတွေအရ စစ်တပ်က အာဏာသိမ်းလိုက်တဲ့ တစ်နှစ်ကျော်အတွင်း ပြည်သူ ၁၈၇၆ ဦး သေဆုံးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။