မြန်မာ့တပ်မတော်အတွက် ဂျက်တိုက်လေယာဉ်ခြောက်စီး ရုရှားတပ်ဆင်နေ
မြန်မာ့တပ်မတော်အတွက် ရုရှားနိုင်ငံက Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စီး တပ်ဆင်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
- 2019-04-24
-
-
-
မြန်မာ့တပ်မတော်အတွက် ရုရှားနိုင်ငံက Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ် ခြောက်စီး တပ်ဆင်နေပြီလို့ တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပြောလိုက်ပါတယ်။
ရုရှားနိုင်ငံကို ချစ်ကြည်ရေးခရီး ရောက်ရှိနေတဲ့ မြန်မာ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က အခုလို ပြောကြားခဲ့တာလို့ ရုရှားအစိုးရပိုင် စပွတ်နစ် သတင်းဌာနက ဖော်ပြထားပါတယ်။
အဲဒီဂျက်တိုက်လေယာဉ် ၆ စီး ဝယ်ယူဖို့ ရုရှားနဲ့ မြန်မာအကြား ပြီးခဲ့တဲ့ ၂ဝ၁၈ ခုနှစ်က သဘောတူ လက်မှတ်ရေးထိုးခဲ့ကြတာလို့ သတင်းမှာ ဖော်ပြထားပါတယ်။
လေသူရဲ နှစ်ဦး လိုက်ပါနိုင်တဲ့ ရုရှားလုပ် Su-30 အမျိုးအစား ဂျက်တိုက်လေယာဉ်တွေဟာ ရာသီမရွေး တိုက်ပွဲဝင်နိုင်ပြီး ဝေဟင်မှာ လိုသလို ပျံသန်းလှုပ်ရှားနိုင်တဲ့ တိုက်လေယာဉ် အမျိုးအစား ဖြစ်ပါတယ်။
၂ဝ၁၂ ခုနှစ်မှာ တရုတ်နိုင်ငံကို ရောင်းချခဲ့တဲ့ ဈေးနှုန်းအရ တစ်စီးကို အမေရိကန်ဒေါ်လာ ၃၇ သန်းနီးပါး တန်ဖိုးရှိတယ်လို့လည်း သိရပါတယ်။