ဖလမ်းမြို့နယ်မှာ မြေမြှုပ်မိုင်းကြောင့် အရပ်သားတစ်ဦးသေဆုံး

ဖလမ်းမြို့နယ်၊ ဗားရ်ရွာအနီးက မဏိပူရ်မြစ်ကမ်းမှာ စက်တင်ဘာ ၂၁ ရက်နေ့က အရပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဗားရ်ရွာအနီးရှိ မဏိပူရ်မြစ်ကူးတံတား (ဗားရ်တံတား) ကို ၂၀၁၉ ခုနှစ် နိုင်ဝင်ဘာလအတွင်းက တွေ့ရစဉ်။ RFA

ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဗားရ်ရွာအနီးက မဏိပူရ်မြစ်ကမ်းမှာ စက်တင်ဘာ ၂၁ ရက်နေ့က အရပ်သားတစ်ဦး မြေမြှုပ်မိုင်းနင်းမိပြီး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သေဆုံးသူဟာ အသက် ၅၂ နှစ်အရွယ် ဦးငွန်ကစ်ခွေလ်း ဖြစ်ပြီး မဏိပူရ်မြစ်ထဲကို ငါးဖမ်းဖို့သွားရင်း မိုင်းနင်းမိတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ပေါက်ကွဲသံကြားတာက မနက်ပိုင်း ၁၀ နာရီဝန်းကျင်မှာ ဦးငွန်ကစ်ခွေလ်း ညနေပိုင်းအထိ ပြန်မလာတော့ ရှာကြတာပေါ့။ ရွာရဲ့အောက်ဘက်မှာတွေ့တာ သိပ်တော့မဝေးဘူး။ ဒဏ်ရာက ခြေထောက်ပဲ ပြတ်တာ။ သွေးထွက်လွန်လို့ သေသွားတာ ဖြစ်နိုင်တယ်"

ဗားရ်ရွာအနီးက မဏိပူရ်မြစ်ကူးတံတားမှာ အာဏာသိမ်းပြီးနောက်ပိုင်း စစ်တပ်က တပ်စွဲထားပြီး အခု မြေမြှုပ်မိုင်းကိုလည်း စစ်တပ်က ထောင်ထားတာလို့ ဒေသခံတွေက ပြောပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ  ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် အကြောင်းမပြန်ပါဘူး။

ချင်းပြည်နယ်မှာ စစ်တပ်အာဏာသိမ်းချိန်ကနေ ၂၀၂၃ ဩဂုတ်လအထိ မြေမြှုပ်မိုင်းအပါအဝင် စစ်ကောင်စီတပ် က ထောင်ထားတဲ့ မိုင်းတွေကြောင့် အရပ်သား ၂၀ ဦး သေဆုံးခဲ့ပြီး ၃၇ ဦး ဒဏ်ရာရရှိခဲ့တယ်လို့ ချင်းလူ့အခွင့်အရေးအဖွဲ့ (CHRO) က စက်တင်ဘာ ၁၁ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

 

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org