ရွှေပြည်သာမှာ အထည်ချုပ်လုပ်သား ၆၀၀ ခန့် ဆက်လက်ဆန္ဒပြ
2013.11.21

ရန်ကုန်တိုင်း၊ ရွှေပြည်သာမြို့နယ်၊ ရွှေပြည်သာစက်မှုဇုန် ၂ မှာရှိတဲ့ ကိုရီးယားနိုင်ငံသားပိုင် အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ လစာတိုးပေးဖို့အတွက် စက်ရုံအလုပ်သမား ၆၀၀ ကျော်ဟာ ဒီကနေ့မှာ ၄ ရက်မြောက်နေ့အဖြစ် စက်ရုံရှေ့မှာ ဆက်လက်ဆန္ဒပြနေ ကြပါတယ်။
ဒီလို စက်ရုံလုပ်သားတွေ ဆန္ဒပြမှုနဲ့ပတ်သက် လို့ ရွှေပြည်သာမြို့နယ် အလုပ်ရှင်နဲ့အလုပ်သမား မြို့နယ်ဖြန်ဖြေရေးရုံးမှာ အလုပ်ရှင်နဲ့ ဆန္ဒပြအလုပ်သမားတွေ ဆွေးနွေးခဲ့ကြပေမဲ့ သဘောတူညီမှု မရရှိခဲ့ပါဘူး။
အီလန်မြန်မာ အထည်ချုပ်စက်ရုံမှာ အလုပ်သမား ၁၀၀၀ နီးပါးလောက်ရှိပြီး အခြေခံလုပ်ခလစာ သုံးသောင်းကျော် ပဲရတာကြောင့် နောက်ထပ်ကျပ်သုံးသောင်း တိုးမြှင့်ပေး ဖို့ တောင်းဆိုနေကြတာပါ။
ဒီအတောအတွင်း မန္တလေးတိုင်း၊ ပြည်ကြီးတံခွန်မြို့နယ် ပန်းခြံလမ်းမှာရှိတဲ့ စပါးနှံတာယာစက်ရုံမှာ အလုပ်သမားသုံးရာကျော်က လစာငွေနှစ်သောင်းကျပ်တိုးပေးဖို့နဲ့ တနင်္ဂနွေနေ့တိုင်း ပိတ်ရက်ပေးဖို့ မနေ့က တောင်းဆိုဆန္ဒပြခဲ့တဲ့အပေါ် အလုပ်ရှင်က တောင်းဆိုချက်တွေကို လိုက်လျောပေးခဲ့တဲ့အတွက် အလုပ်သမားတွေရဲ့ဆန္ဒဖော်ထုတ်မှုဟာ မနေ့ညပိုင်းက ပြီးဆုံးသွားခဲ့ပါတယ်။
လစာကိုတိုးမြှင့်ပေးမှာဖြစ်ပြီး နားရက်ကိုတော့ ပြန်လည်ညှိနှိုင်းပေးမယ်လို့ အလုပ်ရှင်ဘက်က ကတိပေးခဲ့တယ်လို့ မနေ့ကဆန္ဒပြတဲ့အထဲ မှာပါဝင်တဲ့ ကိုဝင်းဇော်ဟိန်းကပြောပါတယ်။
“၁၁ လပိုင်းနဲ့ ၁၂ လပိုင်းကို ၇၅ဝဝ နဲ့ လစာတိုးပေးမယ်ပေါ့နော်၊ ၁ လပိုင်းကျရင် ၂ သောင်းကျော် ထပ်ပေးမယ်ပေါ့၊ မြို့နယ်က အထွေထွေအုပ်ချုပ်ရေးမှူးတို့ ဖျန်ဖြေရေးလူကြီးတွေရှေ့မှာပေါ့ သဘောတူပြီးတော့ စာချုပ်ချုပ်တယ်”
တာယာ စက်ရုံလုပ်သားတွေရဲ့ ဆန္ဒဖော်ထုတ်မှုကို အလုပ်သမားဝန်ကြီးဌာနမှ တာဝန်ရှိသူတွေ အပါအဝင် ညှိနှိုင်းဖြေရှင်းရေး အဖွဲ့တာဝန်ရှိသူတွေက မနေ့က လာရောက်ညှိနှိုင်းပေးခဲ့တာပါ။ ဆန္ဒပြပွဲဖြစ်ပွားခဲ့တဲ့ အဲဒီ စပါးနှံ တာယာစက်ရုံမှာ အလုပ်သမားတွေဟာ တစ်လကိုကျပ်ကိုးသောင်းကျပ် လုပ်ခလစာ ရရှိနေတာဖြစ်တယ်လို့ သိရပါတယ်။