မြန်မာမှာ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီးပြော

ရေရှည်အတွက်လည်း မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ပံ့ပိုးသွားမယ်လို့ သူက ပြောပါတယ်။

စင်ကာပူနိုင်ငံခြားရေးဝန်ကြီး Vivian Balakrishnan အား မတ်လ ၃၀ ရက်က တွေ့ရစဉ်။ Vivian Balakrishnan's Facebook

မြန်မာနိုင်ငံမှာ လက်ရှိရင်ဆိုင်နေကြရတဲ့ ခက်ခဲတဲ့ကာလမှာ ထိရောက်တဲ့ အပစ်အခတ်ရပ်စဲရေးလုပ်ဖို့ မျှော်လင့်ကြောင်း စင်ကာပူနိုင်ငံခြားရေးဝန်ကြီး ဗီဗီယန် ဘာလာခရစ်ရှ်နန် (Vivian Balakrishnan)က မတ်လ ၃၀ ရက် ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။

လူ့အသက်တွေကို ကယ်ဖို့နဲ့ လိုအပ်တဲ့နေရာတွေကို အာရုံစိုက်ပြီး ကူညီပေးနိုင်ဖို့ဖြစ်တယ်လို့ စင်ကာပူနိုင်ငံခြားရေးဝန်ကြီးက သူ့ရဲ့ ဖေ့ဘွတ်လူမှုကွန်ယက် စာမျက်နှာမှာ ရေးသားခဲ့ပါတယ်။

ရေရှည်အတွက်လည်း မြန်မာနိုင်ငံရဲ့ ပြန်လည်ထူထောင်ရေးနဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်ကို ဆက်လက် ပံ့ပိုးသွားမယ်လို့ သူက ပြောပါတယ်။

စင်ကာပူဟာ မြန်မာနိုင်ငံအလယ်ပိုင်းမှာ အဆိုးရွားဆုံးငလျင်ဘေးဒဏ်ကို ရင်ဆိုင်နေရတဲ့ မြန်မာပြည်သူတွေနဲ့ တသားတည်းရှိနေတယ်လို့လည်း သူဆိုပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကတော့ မတ်လ ၃၀ ရက်ကစလို့ နိုင်ငံတစ်ဝန်းမှာ နှစ်ပတ်ကြာ အပစ်အခတ်ရပ်စဲရေးကြေညာထားပါတယ်။

စစ်ကောင်စီကတော့ အပစ်အခတ်ရပ်စဲရေကြေညာတာ မရှိသေးပါဘူး။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org