အမေရိကန်ပြည်ထောင်စု အရှေ့ခြမ်း အင်အားပြင်း ငလျင် လှုပ်မှု ဖြစ်ပွါး
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြင်းအား ငါး ဒသမ ကိုး ရစ်ချက်တာစကေး ရှိတဲ့ ငလျင် လှုပ်မှု တရပ် ဖြစ်ပွါးသွားခဲ့ပါတယ်။
-
2011-08-24 -
-
-
အမေရိကန်ပြည်ထောင်စု ဝါရှင်တန်ဒီစီ မြို့တော်မှာ သြဂုတ်လ ၂၃ ရက်နေ့ နေ့လည်ပိုင်းက ပြင်းအား ငါး ဒသမ ကိုး ရစ်ချက်တာစကေး ရှိတဲ့ ငလျင် လှုပ်ခတ်ခဲ့ချိန်မှာ ရုံးအဆောက်အဦတွေပေါ်က ဝန်ထမ်းများကို လမ်းမပေါ်တွင် တွေ့ရပုံ။ ဓါတ်ပုံ - RFA
RFA
နှစ်ပေါင်းများစွာ အတွင်း ပထမဆုံးအကြိမ် ငလျင်လှုပ်တာ ဖြစ်ပြီး အသင့်အတန် ပြင်းထန်တဲ့အတွက် လူတွေ အတော်လေး ထိတ်လန့် တုန်လှုပ်ခဲ့ပါတယ်။
ငလျှင်လှုပ်ပြီးပြီးချင်း အာအက်ဖ်အေ အသံလွှင့်ဌာန နဲ့ သမတအိမ်တော် အပါအဝင် ဝါရှင်တန်မြို့ထဲရှိ အဆောက်အဦးတွေထဲ လူအားလုံးကို အပြင်ဘက် ချက်ချင်းထွက်ခွာဖို့ သက်ဆိုင်ရာက အသိပေး အကြောင်းကြားခဲ့ပါတယ်။
ငလျင်ဟာ ဗာဂျီးနီးယားပြည်နယ် အလယ်ပိုင်း Mineral မြို့လေးကို ဗဟိုပြုပြီး မြေအောက် လေးမိုင်အနက်ကနေ လှုပ်ခဲ့တာလို့ အမေရိကန် ပြည်ထောင်စု ငလျင်တာတိုင်းရေး ဗဟိုအဖွဲ့က ထုတ်ပြန်ခဲ့ပါတယ်။
အဲဒီမြို့နဲ့ မိုင် ၂၀ အကွာမှာရှိနေတဲ့ နျူကလီးယား ဓါတ်ပေါင်းဖို စက်ရုံကိုလည်း သက်ဆိုင်ရာက အရေးပေါ် ပိတ်ပစ်ခဲ့ပါတယ်။
ဝါရှင်တန် မြို့တော်မှာ ရှိတဲ့ ရေဂင် နိုင်ငံတကာ လေဆိပ်မှာလည်း လေယာဉ် ပျံသန်းမှုတွေကို ခေတ္တ ရပ်ဆိုင်းထားခဲ့ရ ပါတယ်။
ဗာဂျီးနီးယား ပြည်နယ်ကို ဗဟိုပြုပြီး လှုပ်သွားတဲ့ ငလျင်ဟာ ဝါရှင်တန်ဒီစီ သာမက Philadelphia, New York နဲ့ အမေရိကန် သမ္မတ အပန်းဖြေ ရောက်ရှိနေတဲ့ Massachusetts ပြည်နယ်အထိလှုပ်ခဲ့တယ်လို့ သိရပါတယ်။