မြန်မာ့အရေး ထိရောက်စွာအရေးယူဖို့ ကုလကို တောင်းဆို
မြန်မာ့အရေးနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂအနေနဲ့ အခုထက် ပိုမိုထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေ လုပ်ပေးဖို့ ကုလ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန်းဆီကို ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်) က အောက်တိုဘာ ၂၀ ရက် ဒီကနေ့ တိုက်တွန်းစာတစောင် ပေးပို့လိုက်ကြောင်း သိရပါတယ်။
-
2010-10-20 -
-
-
စာရေးသား ပေးပို့ရတာနဲ့ ပတ်သက်ပြီး ၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေး ကော်မတီ(ဂျပန်) ရဲ့ ပြောခွင့်ရသူ ကိုမိုင်ကျော်ဦးက အခုလို ရှင်းပြပါတယ်။
“ကုလသမဂ္ဂက မြန်မာပြည်အရေးနဲ့ ပတ်သက်ပြီးတော့မှ တောင်းဆိုတဲ့အရာတိုင်းမှာ ဗမာအစိုးရက တခုမှ အရေးယူ ဆောင်ရွက်တာလည်း မရှိဘူး။ လျစ်လျူရှုနေတဲ့ အနေအထားမှာလည်း ဖြစ်တယ်။ ဒါကြောင့် ဒီကနေ့ ကုလသမဂ္ဂအနေနဲ့ ပိုမို ထိရောက်တဲ့ အရေးယူ ဆောင်ရွက်မှုမျိုး လုပ်ဖို့ လိုတယ်လို့ မြင်တယ်။”
“ဒါကြောင့် ကျွန်တော်တို့ ဒီကနေ့အနေနဲ့ တိုက်တွန်း တောင်းဆိုတဲ့ စာ ရေးသားတာ ဖြစ်တယ်။ အထူးသဖြင့် ဒီ စုံစမ်းစစ်ဆေးရေး ကော်မရှင် ဖွဲ့ဖို့ဆိုတဲ့ နိုင်ငံပေါင်းစုံ တော်တော်များများ တောင်းဆိုတာ ၁၃ နိုင်ငံကျော်သွားပြီ။ ဒါ ကုလသမဂ္ဂ ကိုယ်တိုင်ကစ ဒီနေရာမှာ ကမကထ ဦးဆောင်ပြီးတော့မှ ဒါဖွဲ့စည်းနိုင်အောင် တာဝန်ယူသင့်တယ်လို့ ကျွန်တော်တို့လည်း မြင်တယ်။”
၂၀၁၀ ရွေးကောက်ပွဲ ဆန့်ကျင်ရေးကော်မတီ(ဂျပန်)က တိုကျိုမြို့ ရှီဘူယာအရပ်က ကုလသမဂ္ဂရုံးချုပ်ကို လူအင်အား ၁၀၀ ကျော်နဲ့ သွားရောက်ပြီး တိုက်တွန်းစာကို ပေးပို့တောင်းဆိုခဲ့တာ ဖြစ်ပါတယ်။