ခရုကနေ ကူးစက်တဲ့ ရောဂါဖြစ်ပွားသူ ၃၀၀ ကျော် ရခိုင်မှာ တေ့ွရှိ

ရခိုင်ပြည်နယ်မှာ ခရုကနေတစ်ဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ် တဲ့ရောဂါ ဖြစ်ပွားနေသူ လူနာ ၃၀၀ ကျော် တွေ့ရှိထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

စစ်တွေမြို့က ပြည်သူ့ကျန်းမာရေး ဦးစီးဌာနရုံးကို တွေ့ရစဉ် Photo: Min Thein Aung/ RFA

ရခိုင်ပြည်နယ်မှာ ခရုကနေတစ်ဆင့် ကူးစက်ပြီး လူ့ခန္ဓာကိုယ်မှာ သန်ပြားကောင်တွယ်တဲ့ရောဂါ ဖြစ်ပွားနေသူ လူနာ ၃၀၀ ကျော် တွေ့ရှိထားတယ်လို့ ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ပါတယ်။

၂၀၁၆ ခုနှစ်ကစပြီး ပြီးခဲ့တဲ့ဇွန်လအထိ ရောဂါသံသယရှိသူ ၅၀၀ ကျော်ကို စစ်ဆေးခဲ့တာ ဖြစ်တယ်လို့ ရခိုင် ပြည်နယ် ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာ ကြည်လွင် က ပြောပါတယ်။

"ကျနော် ခန်မှန်းခြေ ပြောပြမယ်နော်၊ ကျနော်တို့ စစစ်တာကတော့ ၂၀၁၆ အောက်တိုဘာလောက်ကတည်းက စစ်တာ။ ပြီးခဲ့တဲ့ ဇွန်လအထိပေါ့လေ၊ ကျနော်တို့ ၅၈၀ လောက်စစ်တာမှာ သွေးထဲမှာ ဒီ သန်ကောင်ရောဂါပိုး ဝင်ဖူးတယ်ဆိုတာ တွေ့တာကတော့ ၃၁၁ ယောက်လို့ ကျနော်ထင်တယ်ခင်ဗျ"

အဲဒီရောဂါကြောင့် သေဆုံးမှု မတွေ့ရသေးကြောင်းနဲ့ ရောဂါတွေ့ရှိရတဲ့ လူနာတွေရဲ့ ၈၀ ရာခိုင်နှုန်းကျော်က ကလေးတွေဖြစ်တယ်လို့ ပြောပါတယ်။

အဲဒီအတွက် ရောဂါကုသရေးလုပ်ငန်းတွေ စတင်လုပ်ဆောင်နေပြီဖြစ်တယ်လို့ သိရပါတယ်။

အဓိက ကြိုတင်ကာကွယ်ရေးအတွက် ယင်လုံအိမ်သာတွေ ဆောက်ဖို့လိုအပ်ပြီး ရခိုင်ပြည်နယ်မှာတော့ ယင်လုံ အိမ်သာတွေ အသုံးပြုတာ နည်းနေသေးတယ်လို့လည်း ဒေါက်တာ ကြည်လွင် က ပြောပါတယ်။

အဲဒီရောဂါဟာ သန်ပြားကောင်တွေရှိတဲ့ ရေထဲကို သွားလာမိတဲ့သူတွေရဲ့ အရေပြားတွေကနေ ဖောက်ပြီး သွေးကြောထဲမှာ ဝင်ရောက်နေထိုင်တာမျိုးဖြစ်တယ်လို့ သိရပါတယ်။

ရောဂါဖြစ်ပွားမှုကို အင်းလေးဒေသ၊ ရခိုင်ပြည်နယ်၊ ဧရာဝတီတိုင်း နဲ့ ပဲခူးတိုင်းဒေသကြီး စတဲ့နေရာတွေမှာ ဆက်လက် စောင့်ကြည့်သွားမှာ ဖြစ်တယ်လို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

သန်ပြားကောင်တွယ်တဲ့ရောဂါ ကာကွယ်တိုက်ဖျက်ရေးအတွက် ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က ဆေးဝါး နဲ့ နည်းပညာအကူအညီတွေ ဖြည့်ဆည်းကူညီမှာဖြစ်ပါတယ်။

WHO ရဲ့ ကမ္ဘာအနှံ့ လေ့လာချက်တွေအရ သန်ပြားကောင်ရောဂါဟာ နိုင်ငံပေါင်း ၇၈ နိုင်ငံမှာ ဖြစ်ပွားတာ တွေ့ရတယ်လို့လည်း ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org