သဘာဝဘေး ဆွေးနွေးပွဲ စစ်တွေမှာ ကျင်းပ
ရခိုင်ပြည်နယ် ကယ်ဆယ်ရေး နဲ့ ပြန်လည်နေရာချထားရေ ဦးစီးဌာန နဲ့ နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးအစီအစဉ် UN-Habitat အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းအချို့က ဦးဆောင်ပြီးတော့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက်ဆုံးရှုံးနိုင်ခြေ လျော့ ပါးရေးဆိုင်ရာ အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို စစ်တွေဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
-
2013-12-06 -
-
-
ရခိုင်ပြည်နယ် ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေ ဦးစီးဌာနနဲ့ နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းတွေဖြစ်တဲ့ ကုလသမဂ္ဂ မြို့ရွာနဲ့ အိုးအိမ် ဖွံ့ဖြိုးရေးအစီအစဉ် UN-Habitat အပါအဝင် နိုင်ငံတကာ လူမှုကူညီရေး အဖွဲ့အစည်းအချို့က ဦးဆောင်ပြီးတော့ သဘာဝဘေးအန္တရာယ်ကြောင့် ထိခိုက် ဆုံးရှုံးနိုင်ခြေ လျော့ပါးရေးဆိုင်ရာ အဆင့်မြင့် အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို စစ်တွေဟိုတယ်မှာ မနေ့က ကျင်းပခဲ့ပါတယ်။
အလုပ်ရုံဆွေးနွေးပွဲနဲ့ ပတ်သက်ပြီး ကုလသမဂ္ဂ မြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် UN-Habitat က စီမံကိန်း အင်ဂျင်နီယာ ဒေါက်တာကျော်သူက RFA ကို အခုလိုပြောပါတယ်။
“ကျနော်တို့ဒီမှာလုပ်တဲ့ အလုပ်ရုံဆွေးနွေးပွဲက ရခိုင်ပြည်နယ်တစ်ခုတည်းကို လုပ်တာမဟုတ်ပါဘူး၊ ပြည်နယ်တိုင်းဒေသကြီး ၁၄ ခုကို လုပ်ပါတယ်၊ ဒီ report ၁၄ ခုထွက်လာလို့ရှိရင် ပေါင်းပြီးတော့ final report ကို နောင်နှစ်မှာထွက်ပါမယ်၊ ကျနော်တို့လုပ်ချင်တာ လုပ်နေတဲ့အပိုင်းမျိုး မဟုတ်ဘဲနဲ့ ပြည်နယ်တိုင်းဒေသကြီးတွေမှာ တကယ်လိုအပ်နေတဲ့ဟာတွေကို ဒီပြည်နယ်တိုင်းဒေသကြီးမှာရှိတဲ့ အစိုးရဝန်ထမ်းတွေ၊ NGO တွေ၊ community တွေကို engage လုပ်ပြီးတော့ အဲဒီဟာတွေထဲမှာ program တွေ plan တွေကို နောင်ရှေ့ဆက်ပြီးတော့လုပ်မယ်”
ပြီးခဲ့တဲ့ ၁၉၉၂ ခုနှစ်ကနေ ၂၀၁၂ ခုနှစ်ကာလအထိ နှစ်ပေါင်း ၂၀ အတွင်း လေ့လာသုတေသနပြုချက်တွေအရ ကမ္ဘာပေါ်မှာ သဘာဝဘေးအန္တရာယ်ကြောင့် လူအသေအပျောက်အများဆုံးဖြစ်ခဲ့တဲ့ နိုင်ငံ ၁၀ ခုစာရင်းမှာ မြန်မာနိုင်ငံဟာ တတိယနေရာမှာရှိနေပါတယ်။
သဘာဝဘေးအန္တရာယ်လျော့ချရေးအတွက် ဒီနှစ်ဇူလိုင်လက အတည်ပြုခဲ့တဲ့ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဥပဒေမှာ ဒေသဆိုင်ရာအစိုးရနဲ့ ရပ်ရွာလူထု ပူးပေါင်းပါဝင်နိုင်ရေးဆိုတဲ့အချက်ကို ထည့်သွင်းပြဌာန်းထားတဲ့အတွက်၊ ပြည်နယ်နဲ့ တိုင်းဒေသကြီး အစိုးရတွေ အားဖြည့်ဆောင်ရွက်ရေး စည်းမျဉ်းဥပဒေတွေရေးဆွဲဖို့ လိုအပ်တယ်လို့လည်း ကုလသမဂ္ဂမြို့ရွာနဲ့ အိုးအိမ်ဖွံ့ဖြိုးရေးအစီအစဉ် တာဝန်ရှိသူတွေက အခမ်းအနားမှာ ပြောကြားခဲ့ပါတယ်။
ရခိုင်ပြည်နယ် စစ်တွေမြို့မှာကျင်းပခဲ့တဲ့ အလုပ်ရုံဆွေးနွေးပွဲကို နိုင်ငံတကာ လူမှုအဖွဲ့အစည်းတွေ၊ လွှတ်တော် ကိုယ်စားလှယ်တွေနဲ့ ဌာနဆိုင်ရာတာဝန်ရှိသူတွေ တက်ရောက်ဆွေးနွေးခဲ့ကြပါတယ်။