ကျိုက်မရော ဓမ္မသရွာမှာ လက်နက်ကြီးကြောင့် အိမ်သုံးရာခန့် မီးလောင်
ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ် လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာကနေ နေအိမ်သုံးရာနီးပါး မီးလောင်ကျွမ်းပြီး ဒေသခံတစ်ဦး သေဆုံးသွားပါတယ်။
-
RFA Burmese
2024-03-28 -
-
-
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ဓမ္မသကျေးရွာကို စစ်ကောင်စီတပ်ရဲ့ စစ်သင်္ဘောတွေကနေ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့ရာကနေ နေအိမ်သုံးရာနီးပါး မီးလောင်ကျွမ်းပြီး ဒေသခံတစ်ဦး သေဆုံးသွားတယ်လို့ ကူညီကယ်ဆယ်ရေး လုပ်နေသူတွေက ဒီနေ့မှာ RFA ကို ပြောပါတယ်။
မတ်လ ၂၇ ရက် မနေ့ညနေက ဂျိုင်းမြစ်ထဲမှာရှိနေတဲ့ စစ်သင်္ဘောတွေကနေ ပစ်ခတ်တဲ့ လက်နက်ကြီးကျည်တွေဟာ ဓမ္မသကျေးရွာက နေအိမ်တွေပေါ် ကျရောက်ပေါက်ကွဲရာကနေ မီးစတင်လောင်ကျွမ်းခဲ့တာဖြစ်ပြီး အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးလည်း လက်နက်ကြီးထိမှန် သေဆုံးခဲ့ရတယ်လို့ လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ကူညီကယ်ဆယ်ရေးလုပ်ကိုင်နေသူ တစ်ဦးက ပြောပါတယ်။
“လောင်တာက ၃၀၀ နီးပါးလောက်ရှိတယ်။ ဒေသခံတစ်ယောက် ရွာအပြင်မှာ စစ်ရှောင်ရင်း လက်နက်ကြီးထိလို့ သေတာ”
ဓမ္မသကျေးရွာမှာ အိမ်ခြေ တစ်ထောင်ကျော်ရှိပြီး လက်နက်ကြီး ပစ်ခတ်တဲ့နေရာဟာ ကျေးရွာနဲ့ မိုင်ဝက်ခန့်သာဝေးတယ်လို့ ဆိုပါတယ်။ ဒီနေ့ မနက်အစောပိုင်းကတော့ မီးငြှိမ်းသတ်နိုင်ခဲ့ပေမယ့် ပစ္စည်းတွေကို ယူချိန်မရလိုက်တာကြောင့် ဆုံးရှုံးမှုများတယ်လို့ နေအိမ်ဆုံးရှုံးခဲ့ရတဲ့ ဓမ္မသရွာခံ တစ်ဦးက RFA ကို ပြောပါတယ်။
“ကျွန်တော့်အိမ်လည်း မီးထဲပါသွားတယ်။ မျက်စိရှေ့မှာတင် လောင်တာ။ ဆိုင်ကယ်တစ်စီးကလွဲပြီး ကျန်တာဘာမှမပါလိုက်ဘူး။ တောင်ခြေတို့၊ ဘုန်းကြီးကျောင်းတို့မှာ စစ်ဘေးရှောင်နေကြတာ။ မီးလောင်တယ်ဆိုလို့ ပြန်ကြည့်ကြတာ”
ဓမ္မသ ကျေးရွာဟာ ပြီးခဲ့တဲ့ မတ်လ ၂၅ ရက်နေ့က ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ပူးပေါင်းတပ်တွေက တိုက်ခိုက်သိမ်းယူခဲ့တဲ့ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းရွာက နယ်မြေရဲစခန်းနဲ့နီးတဲ့ ကျေးရွာလည်းဖြစ်ပါတယ်။
ဒေသခံတွေကို RFA က ဆက်သွယ်တဲ့ ဒီနေ့ နေ့လယ် ၁၂ နာရီခွဲအချိန်အထိ စစ်ကောင်စီတပ်ရဲ့ လေယာဉ်တွေ ဝဲပျံနေသလို လက်နက်ကြီးနဲ့ ပစ်ခတ်မှုတွေလည်း ဆက်တိုက်ရှိနေတယ်လို့ ပြောကြပါတယ်။
စစ်ကောင်စီတပ်ရဲ့ လက်နက်ကြီးပစ်ခတ်မှုကြောင့် နေအိမ်တွေ မီးလောင်ဆုံးရှုံးရတာလို့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး မေးမြန်းနိုင်ဖို့ စစ်ကောင်စီရဲ့ မွန်ပြည်နယ် ပြောခွင့်ရ သယံဇာတဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်ကို RFA က ဆက်သွယ်ခဲ့ပေမယ့် ဖုန်းလက်ခံဖြေဆိုတာ မရှိပါဘူး။