ဒီးမော့ဆိုမှာ လက်နက်ကြီးကျည်ကြောင့် အရပ်သားသုံးဦး ဒဏ်ရာရ

ဒီးမော့ဆိုမြို့နယ်မှာ မတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသုံးဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ပြောပါတယ်။

ဒီးမော့ဆိုမှာ ၂၀၂၃ ခုနှစ်၊ မတ်လ ၂၄ ရက်နေ့က လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲမှုကြောင့် ထိခိုက်ပျက်စီးသွားသည့် နေအိမ်အဆောက်အအုံတစ်လုံးအား တွေ့ရစဉ်။ DMO-PDF

ကယားပြည်နယ်၊ ဒီးမော့ဆိုမြို့နယ် ဆောင်ဒူလာကျေးရွာအုပ်စုအတွင်း မတ်လ ၂၄ ရက်နေ့ နေ့လယ်ပိုင်းက လက်နက်ကြီးကျည်တွေ ကျရောက်ပေါက်ကွဲခဲ့ပြီး အရပ်သားသုံးဦး ထိခိုက် ဒဏ်ရာ ရရှိခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားတာမရှိဘဲ လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာလို့ ဒေသခံ တစ်ဦးက ပြောပါတယ်။

“ဆောင်ဒူလာအုပ်စုထဲက ကျေးရွာနှစ်ရွာက အမျိုးသားနှစ်ဦးနဲ့ အမျိုးသမီးတစ်ဦး ထိတယ်။ အမျိုးသမီးက လက်မောင်းမှာ ပြတ်ရှတဲ့ ဒဏ်ရာရသွားတယ်။ ဆေးရုံပို့ လိုက်ရတယ်။ သူတို့က (စစ်ကောင်စီ)က တိုက်ပွဲမဖြစ်လည်း ရမ်းသန်းပစ်နေတာ။ မနေ့က နေ့လယ် ၁ နာရီမှာ ပစ်တာ။ ၁၂ ချက် ပစ်တယ်။ အဲဒီနားက ပြည်သူတွေက တော့ ပြန်လာလိုက်၊ ပြန်သွားလိုက်ပဲ။ အမြဲတမ်းရှောင်နေရတာမျိုး မဟုတ်ဘူး”

ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ကယားပြည်နယ် ပြောခွင့်ရ ဦးအောင်ဝင်းဦးကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

ဒီးမော့ဆိုမြို့နယ်မှာ တိုက်ပွဲနဲ့ လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ကျေးရွာ ၃၀ ကျော်က ဒေသခံ နှစ်သောင်းကျော် အိုးအိမ်စွန့်ခွာ ထွက်ပြေးနေရပါတယ်။

လက်နက်ကိုင် ပဋိပက္ခတွေဖြစ်နေတဲ့ ကချင်ပြည်နယ်၊ ကယားပြည်နယ်၊ ရှမ်းပြည်နယ်နဲ့ ပဲခူးတိုင်း အရှေ့ပိုင်းတို့မှာ စစ်ဘေးဒုက္ခသည်တွေ တိုးလာနေတယ်လို့ ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ပေါင်းစပ်ညှိနှိုင်းရေးရုံး (UN OCHA) က ထုတ်ပြန်ထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org