စစ်အာဏာသိမ်း ၂၁ လအတွင်း ကယားမှာ အရပ်သား လေးရာဝန်းကျင်သေဆုံး

စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း ကယားပြည်နယ်မှာ အရပ်သား လေးရာဝန်းကျင် သေဆုံးခဲ့ပြီး ၂၈၀ ဦး အဖမ်းခံထားရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

၂၀၂၂ ခုနှစ်၊ အောက်တိုဘာလ ၂၃ ရက်နေ့က ကယားပြည်နယ်၊ လွိုင်ကော်မြို့နယ်၊ ကုန်းသာကျေးရွာမှာ လက်နက်ကြီးကျည်ထိမှန်ပြီး ဒဏ်ရာရရှိသူများကို ဆေးကုသရန် သွားရောက်ခေါ်ဆောင်စဉ်။ ဓာတ်ပုံ - ကရင်နီပြည် စစ်ဘေးရှောင် ကူညီစောင့်ရှောက်ရေးကွန်ရက်

စစ်အာဏာသိမ်းပြီး ၂၁ လအတွင်း ကယားပြည်နယ်မှာ အရပ်သား လေးရာဝန်းကျင် သေဆုံးခဲ့ပြီး ၂၈၀ ဦး အဖမ်းခံထားရတယ်လို့ တိုးတက်သော ကရင်နီပြည်သူ့အင်အားစု (PKPF) က နိုဝင်ဘာလ ၁ ရက်၊ ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။

သေဆုံးသူတွေထဲမှာ စစ်တပ်ကပစ်ခတ်တဲ့ လက်နက်ကြီးကျည် ထိမှန်သေဆုံးသူနဲ့ ဖမ်းဆီးခံရပြီးနောက် သတ်ဖြတ်ခံရသူ စုစုပေါင်း ၂၈၂ ဦး ရှိခဲ့ပြီး စစ်ဘေးရှောင်ရင်း သေဆုံးခဲ့ရသူက ၉၇ ဦးရှိတယ်လို့ PKPF တာဝန်ရှိသူ တစ်ဦးကပြောပါတယ်။

စစ်ဘေးရှောင်ရင်း သေဆုံးခဲ့သူ ၉၇ ဦးထဲမှာ ၉၀ ဦးကတော့ စစ်ဘေးဒုက္ခသည်စခန်းတွေ မှာ အချိန်မီ ဆေးကုခွင့်မရလို့ သေဆုံးခဲ့ရတာလို့ PKPF တာဝန်ရှိသူက ဆိုပါတယ်။

စစ်ကောင်စီတပ်နဲ့ ကရင်နီ ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေအကြား တိုက်ပွဲပေါင်း (၅၀၇) ကြိမ်အထိ ဖြစ်ခဲ့ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင် ၁၈၃ ဦးနဲ့ စစ်ကောင်စီ တပ်ဘက်က ၁၆၀၀ ကျော် သေဆုံးခဲ့တယ်လို့ ဒီနေ့ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

PKPF ကထုတ်ပြန်တဲ့ စစ်ကောင်စီတပ်ဘက်က သေဆုံးမှုအရေအတွက်နဲ့ ပတ်သက်ပြီး RFA အနေနဲ့ သီးခြား အတည်မပြုနိုင်ပါဘူး။

အဲဒီတိုက်ပွဲတွေအတွင်း စစ်ကောင်စီတပ်က လေးကြောင်းတိုက်ခိုက်မှု (၁၇၃) ကြိမ် ပြုလုပ်ခဲ့ပြီး ဘာသာရေး အဆောက်အအုံ ၂၇ လုံးနဲ့ အရပ်သားနေအိမ် ၁၂၄၇ လုံး ပျက်စီး ခဲ့တယ်လို့ ဆိုပါတယ်။

ဒီထုတ်ပြန်ချက်မှာပါတဲ့ အချက်အလက်တွေနဲ့ပတ်သက်လို့ စစ်ကောင်စီဘက်က ပြန်လည် တုံ့ပြန်တာမျိုးမရှိသလို စစ်ကောင်စီရဲ့ ကယားပြည်နယ်ပြောခွင့်ရ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းဦးကို RFA က ဒီနေ့ နေ့လယ်ပိုင်း ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုတာမရှိပါဘူး။

အခုနှစ် စက်တင်ဘာလကစပြီး ကယားပြည်နယ်နဲ့ ရှမ်းပြည်နယ် တောင်ပိုင်း ဖယ်ခုံမြို့နယ်ထဲမှာ စစ်ကောင်စီတပ်ဖွဲ့ အင်အားတိုးမြှင့်ခဲ့ပြီး တိုက်ပွဲတွေ ပိုမိုပြင်းထန် လာခဲ့တယ်လို့ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့အရာရှိ ကိုကျောက်ဆောင်က ပြောပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်ဖွဲ့ဝင်တွေက မိုးဗြဲ၊ လွိုင်ကော်လမ်းပိုင်းကို ထိန်းချုပ်နိုင်ဖို့ ကြိုးစားနေတာကြောင့် ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့တွေနဲ့ တိုက်ပွဲတွေ ပိုပြင်းထန် လာနိုင်တယ်လို့လည်း ဆိုပါတယ်။

အာဏာသိမ်းပြီးနောက်ပိုင်း ကယားပြည်နယ်မှာ ထွက်ပြေးနေရတဲ့ ဒေသခံ နှစ်သိန်းကျော် (၂၁၀,၀၀၀ ခန့်) ရှိပြီး အများဆုံးကတော့ ဒီးမော့ဆိုမြို့နယ်အတွင်းမှာ ဖြစ်တယ်လို့ ကရင်နီ အရပ်ဖက်အဖွဲ့ တာဝန်ရှိသူတွေက ပြောပါတယ်။

ဒုက္ခသည်အများစုဟာ တောတောင်တွေထဲမှာ ဖြစ်သလိုနေထိုင်နေကြရလို့ လာမယ့် ဆောင်းတွင်းကာလမှာ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေအတွက် ကျန်းမာရေး အခက်အခဲရှိလာနိုင်တယ်လို့ စစ်ဘေးဒုက္ခသည်တွေကို ကူညီပေးနေသူတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org