ထန်တလန်မှာ လက်နက်ကြီးကြောင့် ဒုက္ခသည်တစ်ဦး သေဆုံး၊ နှစ်ဦး ဒဏ်ရာရ

ထန်တလန် အခြေစိုက် စစ်တပ်က ဩဂုတ် ၃၀ ရက်နေ့မှာ လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် စစ်ဘေးဒုက္ခသည်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးပြီး နှစ်ဦး ဒဏ်ရာရခဲ့ပါတယ်။

ချင်းပြည်နယ် ထန်တလန်မြို့နယ်၊ ထလွာလာမ်ကျေးရွာအား တွေ့ရစဉ်။ The Chin Journal

ချင်းပြည်နယ်၊ ထန်တလန်မြို့အခြေစိုက် စစ်ကောင်စီတပ်က ဩဂုတ်လ ၃၀ ရက်နေ့မှာ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် တောင်ယာလုပ်ငန်းခွင်ကပြန်လာတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦး လက်နက်ကြီးကျည်စ ထိမှန်သေဆုံးပြီး နောက်ထပ်နှစ်ဦးလည်း ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ခလရ - ၂၆၉ တပ်ရင်းကနေ လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာမှာ ထန်တလန်မြို့နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ ထလွာလာမ်ရွာထဲကို ကျရောက်ပေါက်ကွဲပြီး စစ်ဘေးဒုက္ခသည် အသက် ၄၂ နှစ်အရွယ် ဦးကြာထန်း သေဆုံးခဲ့တာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

"ထန်တလန်မြို့ဘက်ကနေ ထလွာလာမ်ရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တယ်။ တစ်ယောက်ကတော့ တောင်ယာကနေ ပြန်လာတဲ့လမ်းမှာ လက်နက်ကြီးထိလို့ ပွဲချင်းပြီးပဲ သေသွားတယ်။ သူ့မှာ သားသမီး လေးယောက် ကျန်ခဲ့တယ်။ ရွာထဲမှာလည်း လက်နက်ကြီးကျလို့ ရွာသားနှစ်ဦး ဒဏ်ရာရသွားတယ်"

သေဆုံးသူ ဦးကြာထန်းဟာ ထန်တလန်မြို့ပေါ်က သူ့ရဲ့နေအိမ် မီးရှို့ဖျက်ဆီးခံရပြီးနောက် ထလွာလာမ်ရွာကို မိသားစုလိုက် လာရောက်ခိုလှုံနေတဲ့ စစ်ဘေးဒုက္ခသည်တစ်ဦး ဖြစ်တယ်လို့ သူကဆိုပါတယ်။

ဒီကိစ္စနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ချင်းပြည်နယ်ပြောခွင့်ရသူ ပြည်နယ်လူမှုရေးဝန်ကြီး ဦးကျော်စိုးဝင်းကို RFA က တယ်လီဖုန်းနဲ့ဆက်သွယ်ခဲ့ပေမယ့် လက်ခံဖြေဆိုတာ မရှိသေးပါဘူး။

ထန်တလန်မြို့နယ်မှာ ချင်းကာကွယ်ရေးပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတပ်အကြား ဩဂုတ်လ ၂၇ နဲ့ ၂၈ ရက်နေ့တွေမှာ တိုက်ပွဲတွေပြင်းထန်ခဲ့ပြီး လက်ရှိမှာလည်း စစ်ရေးတင်းမာနေတယ်လို့ ချင်းကာကွယ်ရေးတပ်တွေဘက်က ပြောပါတယ်။

RFA က ပြုစုထားတဲ့ စာရင်းတွေအရ စစ်ကောင်စီတပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုနဲ့ လက်နက်ကြီးကြောင့် ဩဂုတ်လ တစ်လအတွင်း နိုင်ငံတစ်ဝန်းက အရပ်သား ၂၈ ဦး သေဆုံးပြီး ၁၀၅ ဦး ဒဏ်ရာရခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org