ကချင် ငြိမ်းချမ်းရေးမှာ ပါဝင်ဖို့ အသင့်ပဲလို့ ဒေါ်အောင်ဆန်းစုကြည် ထပ်ပြော
ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ ပါဝင်နိုင်ဖို့ ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ပြီးခဲ့တဲ့ တစ်နှစ်လောက်ကတည်းက ကမ်းလှမ်းထားတာလဲ ရှိသလို အစိုးရဖက်က လက်ခံမယ်ဆိုရင် သူ့အနေ နဲ့ပါဝင်ဖို့ အဆင်သင့်ပဲလို့ ဖေဖော်ဝါရီလ ၆ ရက်နေ့ ဒီကနေ့ ပြည်သူ့ လွှတ်တော် ခေတ္တနားချိန်မှာ ဒေါ်အောင်ဆန်းစုကြည်က ထပ်မံပြောကြားလိုက်ပါတယ်။
-
2013-02-06 -
-
-
အစိုးရဖက်က လက်ခံမယ်ဆိုရင် ကချင်ပြည်နယ် ငြိမ်းချမ်းရေးမှာ သူ့အနေနဲ့ ပါဝင်မယ်လို့ ဒေါ်အောင်ဆန်းစုကြည် က ဖေဖေါ်ဝါရီလ ၆ ရက်နေ့ ပြည်သူလွှတ်တော် ခေတ္တနားချိန်မှာ မီဒီယာတွေကို ပြောကြားနေစဉ်
နိုဘယ်ငြိမ်းချမ်းရေးဆုရှင် တစ်ယောက်အနေနဲ့ တရားဝင်ကမ်းလှမ်းမှ မဟုတ်ပဲ ငြိမ်းချမ်းရေးအတွက် ကိုယ်တိုင်ပါဝင်ဆောင်ရွက်ဖို့ ရှိ၊ မရှိ သတင်းမီဒီယာတွေက မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့တာပါ။
အစိုးရနဲ့ ကေအိုင်အို နှစ်ဖက်ကိုယ်စားလှယ်တွေဟာ ဖေဖော်ဝါရီလ ၄ ရက်နေ့က တရုတ်နိုင်ငံ၊ ရွှေလီမြို့မှာ အလွတ်သဘော တွေ့ဆုံဆွေးနွေးခဲ့ပါတယ်။ အဲဒီဆွေးနွေးပွဲမှာ ကချင်ပြည်နယ်က စစ်ပွဲတွေ အမြန်ဆုံးရပ်နိုင်ရေး၊ နှစ်ဖက်အခြေအနေကို လေ့လာစောင့်ကြည့်အဖွဲ့တွေ ထားရှိရေး၊ ဆွေးနွေးပွဲတွေ ဆက်ပြီး ကျင်းပသွားနိုင်ရေး စတဲ့အချက် ၅ ချက်ပါ ပူးတွဲကြေညာချက်ကို ထုတ်ပြန်ခဲ့ကြပါတယ်။