ဒီနှစ်အတွင်း အခြေခံဥပဒေပြင်နိုင် ဖို့ အရေးကြီးကြောင်း ဒေါ်အောင် ဆန်းစုကြည် ပြောကြား

လာမယ့် ၂၀၁၅ ဆိုတာထက် ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင် နိုင်ရေး ပြီးစီးမှ ၂၀၁၅ မှာ အသီးအပွင့်ကို ခံစားရ မှာဖြစ်ကြောင်း အမျိူးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ပြောကြားလိုက်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ်ခရီးစဉ်မှာ ဖလမ်းမြို့လူထုနဲ့ ဇန်နဝါရီလ ၈ ရက်နေ့က တွေ့ဆုံခဲ့စဉ် photo: RFA/ Kyaw Zaw Win

လာမယ့် ၂၀၁၅ ဆိုတာထက် ၂၀၁၄ ခုနှစ်မှာ ဖွဲ့စည်းပုံ အခြေခံဥပဒေ ပြင်ဆင်နိုင်ရေး ပြီးစီးမှ ၂၀၁၅ မှာ အသီးအပွင့်ကို ခံစားရမှာဖြစ်ကြောင်း အမျိူးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်က ဖလမ်းမြို့ လူထုဟောပြောပွဲမှာ ပြောကြားလိုက် ပါတယ်။

ဒီနေ့ မနက်က ချင်းပြည်နယ် ဖလမ်းမြို့ ဘောလုံးကွင်း က လူထုဟောပြောပွဲကို တက်ရောက်လာတဲ့ ချင်းတိုင်းရင်းသား ဒေသခံ နှစ်ထောင်ကျော်ကို မိန့်ခွန်းပြောစဉ်မှာ အခုလို ထည့်သွင်းပြောခဲ့တာပါ။

“မျိုးစေ့က ၂ဝ၁၅ မှာ ပွင့်မှာပါ၊ အဲဒီတော့ ၂ဝ၁၄ မှာ ကျမတို့က ဆူးပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ ဆူးပင်ပဲပေါက်မှာ ကျမတို့က ၂ဝ၁၄ မှာ အသီးစားလို့ရတဲ့အပင်ကို စိုက်လိုက်လို့ရှိရင် ၂ဝ၁၅ မှာ အသီးစားလို့ရတဲ့အပင်ပေါက်မှာ၊ အဲဒီတော့ တကယ်အရေးကြီးတာဟာ အခုနှစ်ပဲဖြစ်ပါတယ်လို့ ကျမပြောပါရစေ၊ တိုင်းရင်းသား ညီအစ်ကို မောင်နှမများဟာ အားလုံး ပူးပေါင်းပြီးတော့ ဒီနှစ်မှာ ၂ဝ၁၅ မှာ လှလှပပပွင့်ပြီးတော့ ပြည်သူတွေ ဝဝလင်လင်စားနိုင်မယ့် အသီးတွေသီးမည့် အပင်မျိုးစိုက်ဖို့ရာ ကူညီကြပါ၊ ဝိုင်းပြီးတော့ ထောက်ခံပေးကြပါလို့ ကျမအနေနဲ့ မေတ္တာရပ်ခံချင်ပါတယ်”

နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုတွေဟာ လာမယ့် ၂၀၁၅ ခုနှစ် နိုင်ငံရေးအခြေအနေကိုကြည့်ပြီး ဝင်ရောက်လာမှာဖြစ်တဲ့အတွက် အခုအချိန်ကတည်းက လုပ်စရာရှိတာတွေကို ပြီးစီးအောင် လုပ်ထားနိုင်ဖို့ အရေးကြီးကြောင်းလည်း ပြောပါတယ်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးအတွက် တိုင်းရင်းသားအားလုံးက ဝိုင်းဝန်းကူညီဖို့နဲ့ တပ်မတော်ကလည်း ပြည်သူတွေရဲ့ဆန္ဒအတိုင်း ၂၀၀၈ ဖွဲ့စည်းပုံပြင်ဆင်ရေးမှာ ကူညီဖို့တိုက်တွန်း ပြောကြားခဲ့ပါတယ်။

ဖလမ်းမြို့လူထုနဲ့တွေ့ဆုံပွဲမှာ ဒေါ်အောင်ဆန်းစုကြည် ပြောကြားခဲ့တဲ့မိန့်ခွန်းကို RFA သတင်းထောက် မရတနာဦး ကောက်နှုတ်တင်ပြထားတာ နားဆင်နိုင်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ ချင်းပြည်နယ် ဖလမ်းမြို့ဘောလုံးကွင်းမှာ ပရိသတ်တွေကို စကားပြောအပြီး တက်ရောက်လာသူတွေထဲက ၅ ဦးကို မေးခွန်းတွေမေးမြန်းခွင့်ပြုခဲ့ပါတယ်။ ဒီအကြောင်း RFA သတင်းထောက် ကိုကျော်ထွန်းနိုင် တင်ပြထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org