တိုကျို Skytree မျှော်စင်နဲ့ Panasonic ရုံးခန်းကို ဒေါ်အောင်ဆန်းစုကြည် သွားရောက်

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေ တဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖြစ်တဲ့ တိုကျို Skytree မျှော် စင်နဲ့ Panasonic ကော်ပိုရေးရှင်း အရောင်းပြခန်းတို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။

ဂျပန်နိုင်ငံကို အလည်အပတ်ရောက်နေတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ဟာ ကမ္ဘာ့အမြင့်ဆုံးမျှော်စင်ဖြစ်တဲ့ တိုကျို Skytree မျှော်စင်နဲ့ Panasonic ကော်ပိုရေးရှင်း အရောင်းပြခန်းတို့ကို မနေ့က သွားရောက်ခဲ့ပါတယ်။

ပေ ၂၁၀၀ နီးပါးမြင့်တဲ့ Skytree မျှော်စင်ကို ငလျင်ဒဏ်ခံနိုင်အောင် ပုံစံထုတ်တည်ဆောက်ထားပုံအကြောင်း တာဝန်ရှိသူတွေက ရှင်းလင်းတင်ပြခဲ့ပြီးတဲ့နောက်၊ ဒေါ်အောင်ဆန်းစုကြည်ဟာ မျှော်စင်ပေါ်ကနေ တိုကျိုမြို့ကို ကြည့်ရှုခဲ့ကြောင်း ဂျပန်နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောပါတယ်။

Panasonic ကော်ပိုရေးရှင်း အရောင်းပြခန်းမှာတော့ လောင်စာသက်သာတဲ့ နေစွမ်းအင်သုံး သရုပ်ပြနေအိမ်ကို ကြည့်ရှုလေ့လာခဲ့ပါတယ်။ မြန်မာနိုင်ငံမှာ ဒီလိုစရိတ်သက်သာတဲ့ နေစွမ်းအင်သုံးစွဲရေးစနစ် ထူထောင်ဆောင်ရွက်နိုင်ဖို့ မျှော်လင့်မိတယ်လို့ ဒေါ်အောင်ဆန်းစုကြည်က ပြောဆိုကြောင်း Panasonic ကော်ပိုရေးရှင်း အရာရှိတွေက ပြောပါတယ်။

အဲဒီနောက် ဒေါ်အောင်ဆန်းစုကြည်ဟာ ဂျပန်တရားရေးဝန်ကြီး တာနီဂါကီနဲ့ တွေ့ဆုံပြီး မြန်မာနိုင်ငံရဲ့ တရားရေးစနစ် တိုးတက်ကောင်းမွန်လာအောင် ကူညီဖို့ပန်ကြားခဲ့တယ်လို့ ဂျပန်တရားရေးဝန်ကြီးဌာနက ပြောပါတယ်။

ဂျပန်တရားရေးဝန်ကြီး တာနီဂါကီကလည်း မိမိတို့ဝန်ကြီးဌာနအနေနဲ့ ကူညီလိုတဲ့ဆန္ဒရှိကြောင်း၊ ဂျပန်အစိုးရကလည်း ဂျပန်ဥပဒေပညာရှင်တွေကို မြန်မာနိုင်ငံလွှတ်ပြီး မြန်မာတရားရေးဝန်ထမ်းတွေကိုလည်း ဂျပန်မှာလေ့ကျင့်သင်တန်းပေးဖို့ စဉ်းစားနေကြောင်း ပြောကြားခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org