ရှမ်းလူထုတွေ့ဆုံပွဲတွေကို တပ်မတော်က တားမြစ်
ရှမ်းပြည်နယ် လားရှိုး၊ တာချီလိတ်နဲ့ ပင်လုံမြို့တွေမှာ ဒီကနေ့ ကျင်းပတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က လာရောက်တားမြစ်မှုတွေရှိခဲ့တယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအဖွဲ့ဝင် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။
-
2017-12-21 -
-
-
ရှမ်းပြည်နယ် လားရှိုး၊ တာချီလိတ်နဲ့ ပင်လုံမြို့တွေမှာ ဒီကနေ့ ကျင်းပတဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲအကြို လူထုတွေ့ဆုံပွဲတွေကို တပ်မတော်ဘက်က လာရောက်တားမြစ်မှုတွေရှိခဲ့တယ်လို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီအဖွဲ့ဝင် SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။
အစိုးရဘက်က ကူညီမှုတွေရှိပြီး တပ်မတော်ဘက်က တားမြစ်မှုတွေ လုပ်ဆောင်ခဲ့တာ ဖြစ်တယ်လို့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
"အစိုးရအုပ်ချုပ်ရေးပိုင်းကတော့ လာပြီးတော့ ဆွေးနွေးပွဲအောင်မြင်အောင်ဆိုပြီးတော့ လာပြီးတော့ ကူညီနေ တယ်ပေါ့လေ။ တပ်ဘက်ကတော့ လာပြီးတော့ တားဆီးနေတဲ့ သဘောဖြစ်နေတယ်။ ပြည်သူတွေကလည်း မပြန်ပါဘူး။ ပြည်သူတွေကလည်း သတ္တိရှိရှိ ဒီအတိုင်းပဲ ဆက်နားထောင်နေတယ်။ ဒါပေမဲ့ ဖြစ်နေတာကတော့ တပ်ဘက်ကလာပြီး အတင်းကြီး လာတားနေတယ်။ အစိုးရနဲ့ စစ်တပ်နဲ့ မပြေလည်တဲ့ကိစ္စ ကျနော်တို့ ရှမ်းက ကြားထဲက ဓားစာခံ ဖြစ်နေတာပေါ့ဗျာ။ ကျနော်တို့လုပ်တဲ့ပွဲကို ဟိုဘက်က ခွင့်ပြုတယ်။ ဒီဘက်က လာတားတယ် ဆိုတာ ကျနော်တို့က နေရင်းထိုင်ရင်းနဲ့ လူဆိုး၊ လူမိုက်တွေ ဖြစ်ကုန်တော့မယ်ပေါ့ဗျာ"
လူထုတွေ့ဆုံတွေပွဲကို တပ်မတော်ဘက်က လာရောက်တားမြစ်ပေမယ့် ပွဲပြီးတဲ့အထိ ဆက်လုပ်နိုင်ခဲ့တယ်လို့ ပြောပါတယ်။
ဒါ့အပြင် အရှေ့ပိုင်းတိုင်းစစ်ဌာနချုပ်ကလည်း ရှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ / ရှမ်းပြည်တပ်မတော် RCSS/SSA ထံ ရှမ်းလူမျိုးအလိုက် နိုင်ငံရေးဆွေးနွေးပွဲကို သတ်မှတ်နေရာမှအပ ကျန်နေရာတွေမှာ မဆောင်ရွက်ဖို့ အကြောင်းကြားစာ ပေးပို့ထားတယ်လို့ ပြောပါတယ်။
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့် နိုင်ငံရေးဆွေးနွေးပွဲကို လင်းခေးမြို့နယ်မှာ ကျင်းပဖို့ ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့မှာ ကျင်းပခဲ့တဲ့ တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည် ဖော်မှုဆိုင် ရာ ညှိနှိုင်းအစည်းအဝေး JICM မှာ ဆုံးဖြတ်ထားခဲ့တာ ဖြစ်ပါတယ်။
လင်းခေးမြို့မှာ ကျင်းပမယ့် ဆွေးနွေးပွဲအကြိုအနေနဲ့ ရှမ်းလူမျိုးတွေအများအပြားနေထိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ အကြိုလူထုတွေ့ဆုံပွဲတွေ လုပ်ဆောင်ဖို့ စီစဉ်ထားပြီး လက်ရှိမှာ မူဆယ်၊ လင်းခေး၊ လွိုင်ကော်နဲ့ မိုးညှင်းမြို့တွေမှာ လူထုတွေ့ဆုံပွဲတွေ ကျင်းပပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၁၇ ရက်နေ့က ပင်လုံမြို့မှာ ကျင်းပတဲ့ အကြိုလူထုတွေ့ဆုံပွဲကို လွယ်လင် တပ်နယ်မှူးက လာရောက်တားမြစ်ခဲ့တဲ့အတွက် မကျင်းပဖြစ်ခဲ့တာကြောင့် CSSU ဘက်က ဒီနေ့ ထပ်မံဆောင်ရွက်ရာမှာလည်း ထပ်မံတားမြစ်ခံရတာလို့ ဦးစိုင်းကျော်ညွန့်က ပြောပါတယ်။