အကြိုလူထုဟောပြောပွဲတွေ ဆက်လက်ကျင်းပမည်
မနေ့က ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုဟောပြောပွဲကို တပ်မတော်ဘက်က တားမြစ်မှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်ညီညွတ်ရေး ကော်မတီ CSSU ရဲ့ မူလလျာထားချက်အတိုင်း ရှမ်းလူမျိုးတွေ အများအပြားနေထိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးစိုင်းကျော်ညွန့်က ဒီနေ့ ပြောပါတယ်။
-
2017-12-18 -
-
-
မနေ့က ပင်လုံမြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့တဲ့ ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြို လူထုဟောပြောပွဲကို တပ်မတော်ဘက်က တားမြစ်မှုတွေရှိခဲ့ပေမယ့် ရှမ်းပြည်ညီညွတ်ရေးကော်မတီ CSSU ရဲ့ မူလလျာထားချက်အတိုင်း ရှမ်းလူမျိုးတွေ အများအပြားနေထိုင်တဲ့ တိုင်းနဲ့ ပြည်နယ်တွေမှာ ဟောပြောပွဲတွေ ဆက်လက်လုပ်ဆောင်သွားမယ်လို့ ဦးစိုင်းကျော်ညွန့်က ဒီနေ့ ပြောပါတယ်။
အကြိုဆွေးနွေးပွဲတွေ လုပ်ဆောင်ဖို့ အစိုးရရဲ့ ခွင့်ပြုချက် ရထားပြီးဖြစ်တာကြောင့် ဆက်လက်လုပ်ဆောင်မှာဖြစ်ပြီး တပ်မတော်ဘက်က ခွင့်မပြုတဲ့အပေါ် အစိုးရက ကြားဝင်ညှိနှိုင်းပေးဖို့လိုတယ်လို့ UPDJC အတွင်းရေးမှူး အဖွဲ့ဝင်လည်းဖြစ်ပြီး CSSU အဖွဲ့ဝင်ဖြစ်တဲ့ SNLD ပါတီရဲ့ တွဲဖက်အတွင်းရေးမှူး ၂ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။
"ကျနော်တို့ကတော့ အစီအစဉ်အတိုင်းပဲ ဆက်သွားမယ်။ အကြိုဆွေးနွေးပွဲတွေဆိုတာကလည်း အစိုးရ ကိုယ်တိုင်က လုပ်ခွင့်ပြုပြီးသားပဲဖြစ်တယ်ပေါ့။ အစိုးရကိုယ်တိုင်က ကြားဝင်လုပ်ရမယ့်ကိစ္စပဲဖြစ် တယ်ပေါ့။ တပ်မတော်ဆိုတာလည်း အစိုးရအစုအဖွဲ့ထဲမှာပဲပါတာ။ အဲတော့ သူတို့ ဒီကြားထဲမှာ ဟိုဘက်ဒီဘက် သတင်းပို့ဖို့ ဘာဖို့ဆိုတာကတော့ သူတို့အစိုးရအနေနဲ့ လုပ်ရမယ်ပေါ့ဗျာ။ ကျနော်တို့ ကတော့ အစိုးရဆီ ခွင့်ပြုချက်တောင်းပြီးသား။ အစိုးရလည်း ပေးပြီးသားပေါ့လေ"
မနေ့က ပင်လုံမြို့မှာ တားမြစ်ခံရတဲ့ဟောပြောရေးအဖွဲ့မှာ ပါဝင်တဲ့ ဒေါ်နန်းမြဦး က မနက်ဖြန် လွိုင်ကော်မှာ လူထုဟောပြောပွဲ ကျင်းပဖို့ သွားရောက်နေပြီလို့ ပြောပါတယ်။
ရှမ်းလူမျိုးအလိုက် အမျိုးသားအဆင့်နိုင်ငံရေးဆွေးနွေးပွဲ အကြိုလူထုဟောပြောပွဲတွေကို ရှမ်းတိုင်းရင်းသားတွေ အများအပြားနေထိုင်တဲ့ ရှမ်းပြည်နယ်၊ ကယားပြည်နယ်၊ ကချင်ပြည်နယ်၊ စစ်ကိုင်းတိုင်းနဲ့ ပဲခူးတိုင်းကြီးတွေမှာ ဒီလ မကုန်ခင်အထိ ကျင်းပသွားဖို့ ရှမ်းပြည်ညီညွတ်ရေးကော်မတီက ဆုံးဖြတ်ထားတာ ဖြစ်ပါတယ်။
အကြိုဆွေးနွေးပွဲတွေလုပ်ဆောင်ဖို့ ပြည်ထောင်စု ငြိမ်းချမ်းရေးဆွေးနွေးမှုပူးတွဲကော်မတီ UPDJC ထံ တင်ပြ ထားပြီးဖြစ်ပါတယ်။
ပြီးခဲ့တဲ့ နိုဝင်ဘာလ ၂၇ ရက်နေ့က ဒုတိယတပ်ကာကွယ်ရေးဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီးစိုးဝင်း ကိုယ်တိုင် တက်ရောက်ခဲ့တဲ့ တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှုရပ်စဲရေး သဘောတူစာချုပ် အကောင်အထည်ဖော်မှုဆိုင်ရာ ညှိနှိုင်းအစည်းအဝေးမှာလည်း အကြိုဆွေးနွေးပွဲတွေပြုလုပ်ဖို့ အတည်ပြုပြီးဖြစ်တယ်လို့ ဦးစိုင်းကျော်ညွန့် က ပြောပါတယ်။