FDA ညွှန်ချုပ်ဟောင်းအမှု ဖေဖော်ဝါရီလဆန်း အမိန့်ချမည်

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ FDA အစားအသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ရဲ့ အမှုကို ၃ နှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အမိန့်ချမယ်လို့ မန္တလေးတိုင်းတရားလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

FDA ညွန်ကြားရေးမှုးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်(ယာဘက်)ကို မန္တလေးတိုင်း တရားလွှတ်တော်ရုံးမှာ ၂၀၂၁ ဇန်နဝါရီ ၂၁ ရက်နေ့က ရုံးထုတ်ခဲ့စဉ် Photo: Khaymani Win/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၆ နဲ့ တရားစွဲဆိုခံထားရတဲ့ FDA အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်ဟောင်း ဒေါက်တာသန်းထွဋ်ရဲ့ အမှုကို ၃ နှစ်နီးပါးကြာ စစ်ဆေးခဲ့ပြီးနောက် လာမယ့် ဖေဖော်ဝါရီ ၄ ရက်နေ့မှာ အမိန့်ချမယ်လို့ မန္တလေးတိုင်းတရားလွှတ်တော်က ဒီကနေ့ ဆုံးဖြတ်လိုက်ပါတယ်။

ဒေါက်တာသန်းထွဋ်ရဲ့အမှုကို အပြီးသတ်အမိန့်ချရမယ့် ကာလထက် တစ်နှစ်လောက်ပိုပြီး ထောင်ထဲမှာ နေခဲ့ရတယ်လို့ အမှုကိုလိုက်ပါဆောင်ရွက်ပေးတဲ့ ဒေါက်တာသန်းထွဋ်ရဲ့ တရားလွှတ်တော်ရှေ့နေ ဒေါ်ခင်ခင်တော် က ပြောပါတယ်။

"အမှန်က မတ်လ ၁ ရက်နေ့ကတည်းက စွဲချက်တင်တယ်။ခြောက်လပိုင်းကျမှ သူတို့ဘက်က အယူခံရက်တွေကျော်မှ ပြည်ထောင်စုကို ထပ်တက်တယ်။ ပယ်တယ်။ ထပ်တက်တယ်။ စုံညီဆိုပြီး ထပ်တက်တယ်။ ဟိုတစ်နေ့ကမှ ပယ်တာကျတယ်။ အလကားနေရင်း အမိန့်မဟုတ်ဘဲ တစ်နှစ်တိတိ အချုပ်ထဲမှာနေရတယ်။ အကြောင်းအမျိုးမျိုးနဲ့ ချုပ်ထားတာပေါ့။ ဒီကနေ့တောင် ထုတ်ဖို့ မနည်း လုပ်ရတယ်"

ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနက ဓာတ်ခွဲခန်း ၂ လုံးနဲ့ ပြည်နယ်၊ တိုင်းဒေသကြီးနဲ့ ခရိုင်အသီးသီးက ဝန်ကြီးဌာန ရုံး အဆောက်အဦး ၁၂ လုံးကို ၂၀၁၇ ခုနှစ်က တည်ဆောက်ခွင့် တင်ဒါချပေးခဲ့ပါတယ်။ အဲဒီ တင်ဒါအောင်တဲ့ ရဲတိုက်မြို့တော် ကုမ္ပဏီတွေထံကနေ ငွေကျပ်သိန်း ထောင့်ငါးရာကျော် တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို ဒေါက်တာသန်းထွဋ်က အာဏာအလွဲသုံးစားလုပ်ပြီး ရယူခဲ့ကြောင်း စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ လူမှုကွန်ရက် စာမျက်နှာမှာ ဖော်ပြထားပါတယ်။

ဒေါက်တာသန်းထွဋ်ဟာ သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွှေကြာပင်ရပ်ကွက် မြေကွက်ပေါ်မှာ အိမ်ဆောက်ဖို့အတွက် ဆောက်လုပ်ရေးလုပ်ငန်းသုံးပစ္စည်းတွေ၊ နောက်ထပ် သူပိုင်ဆိုင်တဲ့ နေပြည်တော် ရွာသစ်ရွာက မြေကွက်ပေါ်မှာ ခြံစည်းရိုးကာရံတာ၊ တစ်ထပ်တိုက် နေအိမ်တစ်လုံး၊ ကားဂိုဒေါင်ပါ နှစ်ထပ်နေအိမ်တစ်လုံး၊ ဂိတ်တဲတစ်လုံး၊ ရေကူးကန် တစ်ခုနဲ့ ရေပန်းတစ်ခုတို့အတွက် စုစုပေါင်း ငွေကျပ်သိန်း တစ်ထောင့် ငါးရာကျော်တန်ဖိုးကို ရဲတိုက်မြို့တော်ကုမ္ပဏီကို ငွေကြေး မပေးဘဲ အာဏာအလွဲသုံးစားလုပ်ပြီး ခိုင်းစေခဲ့တာလို့ ကော်မရှင်က ပြောထားပါတယ်။

၂၀၁၈ ခုနှစ် ဧပြီလက မန္တလေးတိုင်းတရားလွှတ်တော်မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စစ်ဆေးရေးမှူး ဦးသန်းဇော်ဝင်းက တရားလိုလုပ် တိုင်ကြားခဲ့တာဖြစ်ပြီး ဒီအမှုအတွက် တရားလိုပြသက်သေ ၃၂ ဦးကို စစ်ဆေးခဲ့ပါတယ်။

၂၀၁၉ ခုနှစ် မတ်လ ၁ ရက်နေ့မှာ အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ နဲ့ စွဲချက်တင် စစ်ဆေးခဲ့ရာမှာ အမှုလိုက်ဥပဒေအရာရှိက အဲဒီစွဲချက်ကို ဖြည့်စွက်ပြင်ဆင်ပေးဖို့ ပြင်ဆင်လျှောက်ထားခဲ့ရာမှာ တိုင်းတရားလွှတ်တော်က ပယ်ချခဲ့တယ်လို့ သတင်းနဲ့ပြန်ကြားရေးအရာရှိ ဦးနေမျိုးကို က ပြောပါတယ်။

"ချမှတ်တဲ့အမိန့်ကို ပြည်ထောင်စုရှေ့နေချုပ်ရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ပြင်ဆင်မှု တင်သွင်းခဲ့ရာမှာလည်း ပလပ်ကြောင်း အမိန့်ချမှတ်ခဲ့ပါတယ်။ ပလပ်တဲ့အမိန့်ကို ပြည်ထောင်စုရှေ့နေ ချုပ်ရုံးက ပြည်ထောင်စုတရားလွှတ်တော်ချုပ်ကို ရာဇဝတ်အထူးအယူခံမှု တက်ရောက်ခဲ့တဲ့အတွက် အထူးအယူခံကိုပလပ်ကြောင်း ၁၁ ရက်၊ ၁၁ လ၊ ၂၀၂၀ မှာ အမိန့်ချမှတ်ခဲ့ပါတယ်"

တရားရုံးထုတ်စစ်ဆေးခြင်းမရှိဘဲ တစ်နှစ်လောက်ကြာအောင် အိုးဘိုအကျဉ်းထောင်ထဲမှာ နေထိုင်ခဲ့ရတဲ့ အခြေအနေကို ဒီကနေ့ရုံးချိန်းအပြီးမှာ ဒေါက်တာသန်းထွဋ်ကို မေးမြန်းရာမှာ

"ဘာမှပြောစရာမရှိပါဘူး။ အချုပ်ထဲမှာ ကိုယ်တိုင်နေကြည့်လေ"

ဒေါက်တာသန်းထွဋ်ကို စွဲဆိုထားတဲ့ အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ ဟာ ပြစ်မှုထင်ရှားရင် အမြင့်ဆုံး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်တဲ့ပုဒ်မဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org