FDA ညွှန်ချုပ်ကို ပထမဆုံးအကြိမ် ရုံးထုတ်


2018.05.04
dr-thanhtut-fda-622.jpg FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ် ကို မန္တလေးတိုင်းတရားလွှတ်တော်မှာ ၂၀၁၈ ခုနှစ် မေလ ၄ ရက်နေ့က ရုံးထုတ်ခဲ့စဉ်
Photo: Khaymani Win/RFA

အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေနဲ့ အရေးယူခံထားရတဲ့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန၊ အစား အသောက်နဲ့ ဆေးဝါးကွပ်ကဲရေးဦးစီးဌာနက FDA ညွန်ကြားရေးမှူးချုပ် ဒေါက်တာသန်းထွဋ်ကို မန္တလေးတိုင်း တရားလွှတ်တော်မှာ ပထမဆုံးအကြိမ် ဒီနေ့ ရုံးထုတ်စစ်ဆေးပါတယ်။

ဒီနေ့မှာ တရားလိုဖြစ်တဲ့ အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းရေးမှူး ဦးသန်းဇော်ဝင်းကို စတင် စစ်ဆေးခဲ့တာဖြစ်ပြီး တရာလိုပြသက်သေ ၃၆ ယောက်ကို တင်ပြထားတယ်လို့ မန္တလေးတိုင်း တရားလွှတ်တေ်ာက တိုင်းဒေသကြီးတရားရေး ဦးစီးမှူး ဒေါ်ခင်ခင်ချို ကပြောပါတယ်။

"တရားလိုဖြစ်တဲ့ ဦးသန်းဇော်ဝင်းကို စစ်ဆေးတာပါ၊ အဲဒီတစ်ဦးတောင်မှ စစ်ဆေးလို့ မပြီးသေးပါဘူး၊ သက်သေပြန်သွင်းမယ့် စာရွက်စာတမ်း၊ မူရင်းတွေနဲ့ပတ်သက်လို့ တင်ပြမှုရှိနေတဲ့အတွက်ကြောင့်မို့ ဒီအမှုကိုပြန်ပြီးတော့ ချိန်းဆိုပေးလိုက်တာပါ၊ သူတို့တင်ပြမယ့်သက်သေခံတွေက စာရွက်စာတမ်းတွေက ပြေစာမူရင်းအချို့လို့ ဒီမှာမှတ်တမ်းတင်ထားပါတယ်၊ ပြေစာမူရင်းကို တရားရုံးတွေနဲ့ သက်သေခံအဖြစ် လက်ခံတဲ့အခါမှာ ဘယ်စာရွက်စာတမ်းပဲဖြစ်ဖြစ် မူရင်းကိုပဲ သက်သေခံအဖြစ် လက်ခံတာပါ"

နောက်တပတ်ရုံးချိန်းကိုတော့ လာမယ့် မေ၁၁ ရက်နေ့မှာ ချိန်းဆိုထားတယ်လို့ ပြောပါတယ်။

ဒေါက်တာသန်းထွဋ်ကို ၂၀၁၃ ခုနှစ် အဂတိလိုက်စားမှု တိုက်ဖျက်ရေးဥပဒေပုဒ်မ ၅၆ အရ နေပြည်တော်ကောင်စီ နယ်မြေ ဇမ္ဗူသီရိမြို့နယ်ရဲစခန်းမှာ ပြီးခဲ့တဲ့ ဧပြီလ ၂၀ ရက်နေ့က ပထမ သတင်းပေးတိုင်ချက်ဖွင့်ခဲ့တာဖြစ်ပါတယ်။

အခုလက်ရှိမှာတော့ သူ့ကို မန္တလေးမြို့ အိုးဘိုအကျဉ်းထောင်မှာ ချုပ်နှောင်ထားတာဖြစ်ပါတယ်။

ဒေါက်တာသန်းထွဋ်ကို ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာန လက်အောက်က စီမံကိန်းတွေနဲ့ ပတ်သက်ပြီး အဆောက်အဦးတွေ အရည်အသွေးမပြည့်တာ၊ ပြည်သူ့ဘဏ္ဍာတွေကို ကိုယ်ကျိုးအတွက် သုံးစားလုပ်တယ်ဆိုတဲ့ စွပ်စွဲချက်တွေနဲ့ ဖော်ထုတ်စစ်ဆေးပေးဖို့  တိုင်ကြားလာတဲ့အတွက် အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့နဲ့ စစ်ဆေးဖော်ထုတ်ခဲ့တာလို့ ပြီးခဲ့တဲ့ ဧပြီလက ကော်မရှင်ရဲ့လူမှုကွန်ရက် ဖေ့ဘွတ် စာမျက်နှာ ထုတ်ပြန်ချက်မှာ ဖော်ပြခဲ့ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။