လက်ပံတောင်းတောင်အရေး မုံရွာမြို့လူထုပါဝင်လာ
စစ်ကိုင်းတိုင်း ဆားလင်းကြီးမြို့နယ်က လက်ပံတောင်းတောင် ကြေးနီ စီမံကိန်းကြောင့် လက်ပံတောင်းတောင် ပျောက်ကွယ်သွားမယ့် အရေး တောင်တန်းကြီးတွေကို မျှော်ကြည့်တဲ့ လှုပ်ရှားမှု တစ်ခု မုံရွာမြို့အနီးက ချင်းတွင်းမြစ်ကမ်းနံဘေးမှာ ဒီကနေ့ ညနေက ပြုလုပ်ခဲ့ပါတယ်။
-
2012-09-07 -
-
-
အဲဒီ လှုပ်ရှားမှုမှာ ပါဝင်ဖို့ ဆည်တဲ၊ ဝက်မှေး စတဲ့ ကျေးရွာတွေကနေ မုံရွာမြို့ပေါ်ကို တက်လာတဲ့ လယ်သိမ်းခံ တောင်သူတွေဟာ ညောင်ပင်ကြီး ဆိပ်ကမ်း အရောက်မှာ မြို့နယ် အာဏာပိုင်တွေရဲ့ တားမြစ်မှုကို ခံခဲ့ရတယ်လို့ သိရပါတယ်။
လုံခြုံရေးတပ်ဖွဲ့ဝင် အင်အား ၃၀၀ နီးပါးလောက်က ညောင်ပင်ကြီး ဆိပ်ကမ်းကနေ မုံရွာမြို့ တစ်ဖက်ကမ်းကို ကူးဖို့ ကြိုးစားနေတဲ့ ဒေသခံ ၂၀၀ ကျော်ကို မသွားဖို့ တားမြစ်ခဲ့တာလို့ ဒီကနေ့ လှုပ်ရှားမှုကို ဦးဆောင်ပါဝင်ခဲ့သူ ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
မုံရွာခရိုင် ဗမာနိုင်ငံလုံးဆိုင်ရာ တက္ကသိုလ် ကျောင်းသားများအဖွဲ့က ကျောင်းသားတွေ ဦးဆောင်ပြီး မုံရွာမြို့ ဒေသခံလူထု ၂၀၀ ကျော်နဲ့ ဒီကနေ့ ချင်းတွင်းမြစ်ကမ်းဘေးမှာ မိုင်ဝက်လောက် လမ်းလျှောက်ကြပြီး စီမံကိန်းမှာ ပါဝင်နေတဲ့ တောင်တန်းကြီးတွေကို လှည့်ပတ် ကြည့်ရှု့ခဲ့ကြတယ်လို့ မုံရွာဗကသ ကျောင်းသား တစ်ဦးက အခုလို ပြောပြပါတယ်။
"ကျွန်တော်တို့ တောင်ကြီးပျောက်သွားမှာ စိုးလို့ပါဗျ။ လက်ပန်းတောင်းတောင် ၃၃ လုံး အုပ်စုကို သူတို့ဖြိုပြီးတော့ စီမံကိန်း လုပ်မှာမို့လို့ ကျွန်တော်တို့ အဲဒီဟာကြီးတာ လုပ်မယ်ဆိုရင် ကျွန်တော်တို့ တောင်ကြီးပြိုသွားမယ်။ ပျောက်ကွယ်သွားမယ် ဆိုရင် ရာသီဥတုဒဏ်တွေ၊ မြစ်ရေ တိမ်ကောမှုတွေ၊ နောက်မြစ်ရေကြီးမှုတွေ၊ ကျွန်တော်တို့ ဘေးအန္တရာယ်တွေ၊ သူတို့ရဲ့ အဆိပ်အတောက်တွေ၊ အက်ဆစ်တွေနဲ့ ဖြန်းပြီးတော့ မြေတွေဖြိုတဲ့ ကိစ္စတွေ၊ ဒီချင်းတွင်းမြစ်ကြီး တစ်ခုလုံး တိမ်ကောသွားမဲ့ အရေးမို့လို့ ကျွန်တော်တို့ ဒီ campaign ကိုလုပ်တာ"
မနေ့ ည (၁၁) နာရီလောက်ကလည်း လက်ပန်းတောင်းတောင် ကြေးနီစီမံကိန်းမှာ လယ်သိမ်းခံ တောင်သူလယ်သမားတွေ အရေးကို ကူညီဆောင်ရွက်ပေးနေတဲ့ ရန်ကုန် ပြည်သူ့အကျိုးဆောင်ကွန်ရက် အဖွဲ့ဝင်လေးဦးကို ရာနဲ့ချီတဲ့ လုံထိန်းရဲတွေက လက်နက်ကိရိယာ အပြည့်အစုံနဲ့ ဆည်တဲရွာမှာ ဝင်ရောက် ရှာဖွေခဲ့တဲ့အတွက် ရွာသူရွာသား ၅၀၀ ကျော်နဲ့ ပဋိပက္ခတွေ ဖြစ်ခဲ့ကြတယ်လို့ သိရပါတယ်။
အဲဒီ လက်ပံတောင်းတောင် ကြေးနီစီမံကိန်းဟာ မြန်မာစစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီနဲ့ တရုတ်ဝမ်ပေါင် ကုမ္ပဏီတို့ ဖက်စပ် လုပ်ကိုင်နေတာ ဖြစ်ပါတယ်။