ပြည်ပရောက် “ဝ” အမျိုးသားတွေကို စစ်မှုထမ်းဖို့ UWSA ပြန်ခေါ်

လာအိုနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ “ဝ” အမျိုးသားတွေအနေနဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အတွင်း သက်ဆိုင်ရာဌာနတွေဆီ စစ်မှုထမ်းစာရင်းပေးကြဖို့ UWSA တောင်ပိုင်း စစ်ဒေသ (၁၇၁) က ထုတ်ပြန်ထားပါတယ်။

“ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA) တပ်ဖွဲ့ဝင်များအား ၂၀၁၉ ခုနှစ် ဧပြီလ ၁၅ ရက်နေ့က တွေ့ရစဥ်။ RFA

“ဝ” ပြည်နယ်တောင်ပိုင်းကနေ ပြည်ပမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ အမျိုးသားတွေ အမြန်ဆုံး နေရပ်ပြန်ပြီး စစ်မှုထမ်းစာရင်းပေးဖို့ "ဝ" ပြည်သွေးစည်းညီညွတ်ရေး တပ်မတော် (UWSA) က ဩဂုတ် ၃ဝ ရက်နေ့စွဲနဲ့ စာထုတ်လိုက်ပါတယ်။

လာအိုနိုင်ငံမှာ သွားရောက်အလုပ်လုပ်ကိုင်နေတဲ့ “ဝ” ပြည်နယ်တောင်ပိုင်းက အမျိုးသားတွေအနေနဲ့ ဩဂုတ်လ ၃၁ ရက်နေ့ကနေ စက်တင်ဘာ ၇ ရက်နေ့အတွင်း သက်ဆိုင်ရာဌာနတွေဆီ စစ်မှုထမ်းစာရင်းပေးကြဖို့နဲ့ သတ်မှတ်ရက်အတွင်း စာရင်းပေးဖို့ ပျက်ကွက်ရင် ဖမ်းဆီးအရေးယူခံရမယ်လို့ UWSA တောင်ပိုင်း စစ်ဒေသ (၁၇၁) က တရုတ်ဘာသာနဲ့ရေးသားထားတဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ဝ” ပြည်တောင်ပိုင်းနဲ့ မြောက်ပိုင်းကနေ စစ်မှုထမ်းဖို့ လူအင်အား လေးထောင်စီ စုဆောင်းသွားမယ်လို့ UWSA တောင်ပိုင်း စစ်ဒေသ (၁၇၁) တာဝန်ရှိသူတစ်ဦးရဲ့ ပြောဆိုချက်ကို ကိုးကားပြီး “ဝ” ပြည်အခြေစိုက် သတင်းတွေ ရေးသားနေတဲ့ Wa News Land သတင်းဌာနက ရေးသားထားပါတယ်။

ကြေညာချက်ထုတ်တဲ့ UWSA တောင်ပိုင်း စစ်ဒေသ (၁၇၁) က ဆက်ဆံရေးမှူး ဦးဆမ်းပိန်ကို RFA က ဖုန်းနဲ့ ဆက်သွယ်ပေမယ့် ဆက်သွယ်လို့မရသေးပါဘူး။

“ဝ” ပြည်နယ်မှာ နေထိုင်သူတွေဟာ တစ်အိမ်မှာ တစ်ယောက်နှုန်းနဲ့ စစ်မှုထမ်းရမယ်ဆိုပြီး ပြဋ္ဌာန်းထားပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org