ကိုယ်စားလှယ်လောင်းစာရင်း ပါတီများတိုက်ရိုက်မသိရသေး

ရွေးကောက်ပွဲကော်မရှင်က ပါတီကိုယ်စားလှယ်လောင်းတွေရဲ့ အမည်စာရင်းတွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်ရုံးတွေမှာပဲ ကပ်ထားပြီး သက်ဆိုင်ရာပါတီတွေကို တိုက်ရိုက်အသိပေးတာ မရှိဘူးလို့ RFA က စုံစမ်းသိရပါတယ်။ ဒီလိုဖြစ်နေတဲ့အတွက် နိုင်ငံရေးပါတီတွေအနဲ့ ဝင်ပြိုင်မဲ့ဦးရေ အတိအကျ သိရဖို့နဲ့ မဲဆွယ်ရေးလုပ်နိုင်ဖို့ စောင့်ဆိုင်းနေရဆဲပဲလို့ သိရပါတယ်။

2010.09.16
election_law_newspaper_305_Z.jpg မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဥပဒေ ထုတ်ပြန်ကြေညာသည့် သတင်းနှင့် ဥပဒေဆိုင်ရာ အချပ်ပိုများကို မတ်လ ၉ ရက်နေ့က လမ်းပေါ်တွင် ပုံရောင်းနေခြင်း ဖြစ်ပါသည်။ (Photo: AFP)
(Photo: AFP)

ဒီစာရင်းကို ပြီးခဲ့တဲ့ စက်တင်ဘာ ဒုတိယပတ်က နယ်မြို့တွေမှာ ကြော်ငြာစာကပ်ပေမဲ့ ရွေးကောက်ပွဲ ကော်မရှင်ကနေ ပါတီတွေကို တိုက်ရိုက် အကြောင်းကြားတာမျိုး၊ သတင်းစာမီဒီယာတွေမှာ စာရင်းအတိအကျ ကြေညာတာမျိုးတွေ မတွေ့ ရသေးဘူးလို့လည်း အမျိုးသားဒီမိုက ရေစီအင်အားစု (NDF) ရဲ့ဥက္ကဋ္ဌ ဒေါက်တာသန်းငြိမ်းက RFA ကို ပြောပါတယ်။

“သူတို့ ထုတ်တာက မြို့နယ်တွေလား မသိပါဘူး၊ အဲဒီမှာ ကပ်တယ်လို့ ကြားတယ်လေ။ စုစုပေါင်းစာရင်းဆိုတာတော့ အန်ကယ်တို့ မတွေ့ရသေးဘူးလေ။ အဲဒီတော့ အဲဒီလို စုပေါင်းစာရင်း သူတို့ သတင်းစာတို့ ဘာတို့က ထည့်ပေးလို့ ရှိရင်တော့ အန်ကယ်တို့က ချက်ချင်း သိတာပေါ့လေ။ ဒါပေမဲ့ ခုထိတော့ အန်ကယ်တို့ဆီကို အကြောင်းတာကတော့ အမှန်နဲ့တော့ အနီးစပ်ဆုံး ဖြစ်မှာပါ၊ အတိအကျ မဟုတ်တောင်မှ။”

အစိုးရကျောထောက်နောက်ခ ံပေးထားတဲ့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီပြီးရင် ဒုတိယအင်အား အများဆုံး ဝင်ပြိုင်မဲ့ တိုင်းရင်းသား စည်းလုံးညီညွတ်ရေး ပါတီအနေနဲ့ ရန်ကုန်တိုင်းမှာ အပယ်ခံရတဲ့ ကိုယ်စားလှယ်လောင်း လေးဦးရှိတယ်ဆိုတာ အတိအကျသိရပေမဲ့ အခြားပြည်နယ်နဲ့ တိုင်းတွေမှာ ရွေးကောက်ပွဲ ကော်မရှင်က အတည်ပြုထားတဲ့ စာရင်းတွေကို စောင့်နေရတုန်းပဲလို့ ပါတီပြောခွင့်ရ ဦးဟန်ရွှေက RFA ကို ပြောပါတယ်။

“ကိုယ်စားလှယ်လောင်းတွေကို သက်ဆိုင်ရာ ခရိုင်ကော်မရှင်တွေက စိစစ်ပြီးတဲ့အခါမှာ ထုတ်ပြန်လိုက်တဲ့ဟာတွေက ကျွန်တော်တို့ဆီကို သတင်းပို့တာကတော့ ရန်ကုန်တိုင်းက လေးယောက်ပေါ့လေ၊ သူတို့ နည်းဥပဒေနဲ့ မကိုက်ညီတဲ့အတွက် လေးယောက်ကို ကျွန်တော်တို့ ပယ်ပါတယ်။ အဲဒါ ကျွန်တော်တို့ ထပ်ပြီးတော့ တိုင်းကော်မရှင်ကို အယူခံ ဝင်ထားပါတယ်။ ဒါကတော့ ခုနကလိုပေါ့လေ၊ အယူခံဝင်တာ ရမရတော့ ကျွန်တော် မသိသေးပါဘူး၊ ကျန်တဲ့ ပြည်နယ်၊ တိုင်းတွေကတော့ ဘာမှ သတင်းမရတဲ့အတွက် လောလောဆယ် ဆိုလို့ရှိရင် ကျွန်တော်တို့ အားလုံးပေါင်း ကိုယ်စားလှယ်လောင်းဟာ ၉၉၀ ကျော် ကျွန်တော်တို့ ရှိတယ်လို့ အကြမ်းဖျဉ်း ကျွန်တော်တို့ သိရပါတယ်။”

ဒီမိုကရက်တစ် (မြန်မာ) ပါတီအနေနဲ့လည်း ရွေးကောက်ပွဲကော်မရှင်က အတည်ပြုလိုက်တဲ့ ကိုယ်စားလှယ်လောင်း ဦးရေစုစုပေါင်း အတိအကျ မသိရသေးပေမဲ့ ပါတီအတွင်းရေးမှူးချုပ် ဒေါ်သန်းသန်းနုကတော့ မန္တလေးတိုင်း မဲဆန္ဒနယ်မြေမှာ ဝင်ရောက် ယှဉ်ပြိုင်ခွင့် ရသွားတယ်လို့ RFA ကို ပြောပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။