သစ်သီးကားတွေ ပိတ်ဆို့မှု ကန်ဒေါ်လာ ၁ သန်းခွဲကျော် ရှိ
တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် ဖရဲနဲ့ သခွားမွှေး သစ်သီးကားတွေ မူဆယ်မြို့မှာ ပိတ်ဆို့နေတာကြောင့် မနေ့ကအထိ အမေရိကန် ဒေါ်လာ ၁.၅ သန်းဝန်းကျင်လောက် ဆုံးရှုံးသွားကြောင်း ၁၀၅ မိုင်မှာရှိတဲ့ အရှေ့မြောက်တံခါးအများပိုင် ကုမ္ပဏီ က ပြောပါတယ်။
-
2018-12-31 -
-
-
တရုတ်နိုင်ငံဘက်ကို တင်ပို့မယ့် ဖရဲနဲ့ သခွားမွှေး သစ်သီးကားတွေ မူဆယ်မြို့မှာ ပိတ်ဆို့နေတာကြောင့် မနေ့ကအထိ အမေရိကန် ဒေါ်လာ ၁.၅ သန်းဝန်းကျင်လောက် ဆုံးရှုံးသွားကြောင်း ၁၀၅ မိုင်မှာရှိတဲ့ အရှေ့မြောက်တံခါးအများပိုင် ကုမ္ပဏီ က ပြောပါတယ်။
မနေ့က သစ်သီးကားအစီးရေ ၇၇၀ ကျော် တရုတ်ဘက်ကို ရောင်းချလိုက်ပေမယ့် ဒီနေ့ မနက်ပိုင်းအထိ အစီး ၇၀ ကျော်ပဲ ပစ္စည်းဝင်ချပေးနိုင်သေးတာကြောင့် နောက်ထပ်ဆုံးရှုံးမှုတွေ ရှိဦးမှာဖြစ်ကြောင်း ၁၀၅ မိုင် အရှေ့မြောက်တံခါး အများပိုင်ကုမ္ပဏီရဲ့ အမှုဆောင်အရာရှိချုပ် ဦးအောင်ကျော်မိုး က ပြောပါတယ်။
ဒါပေမဲ့ တကယ်ပစ္စည်းချတဲ့အချိန်မှာ ကောင်းတဲ့အသီးတွေကိုသာ တန်ချိန်တွက်ပြီး ငွေရှင်းတာဖြစ်တဲ့အတွက် စောင့်ဆိုင်းရတဲ့ရက် ကြာသွားလို့ အသီးတွေမကောင်းတော့ရင် ကုန်သည်တွေမှာ ထပ်မံနစ်နာဆုံးရှုံးမှုတွေ ရှိလာမှာ ဖြစ်ပါတယ်။
အရင်က သစ်သီးကားတွေ တရုတ်ပြည်ဘက်ကို တင်ပို့ဖို့ အသုံးပြုနေတဲ့ ကျင်ဆန်းကျော့ဂိတ်ပေါက်ကို မြန်မာဘက်က ပိတ်လိုက်တာကြောင့် ပုံမှန်ကုန်သွယ်နေကျမဟုတ်တဲ့ ကြူကုတ်-ပန်ဆိုင်းလမ်းကနေသာ သစ်သီးကားတွေ သွားလာနေရတယ်လို့ သိရပါတယ်။
ကြူကုတ်-ပန်ဆိုင်းလမ်းဟာ ကျဉ်းပြီး လမ်းလည်း မကောင်းတဲ့အပြင် နှစ်နိုင်ငံဖြတ်တဲ့ မုခ်ဦးကိုလည်း အကြီးစားပြင်ဆင်မှုတွေလုပ်နေတာကြောင့် သွားလာရာမှာ နှောင့်နှေးကြန့်ကြာမှုတွေ ဖြစ်နေတာလို့လည်း ဦးအောင်ကျော်မိုး က ပြောပါတယ်။
ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း စတဲ့ မြန်မာနိုင်ငံ ဒေသအသီးသီးကနေ ထွက်ရှိတဲ့ ဖရဲနဲ့ သခွားမွှေးတွေကို ကုန်သည်တွေက တရုတ်နယ်စပ်မှာ လာရောက် ရောင်းချကြတာလည်း ဖြစ်ပါတယ်။
ဒီသတင်းကို RFA သတင်းထောက် မသီရိမင်းဇင် ပေးပို့တာပါ။