မြဝတီ၊ သေ့ဘော့ဘိုးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန်

2022.11.15
မြဝတီ၊ သေ့ဘော့ဘိုးမှာ တိုက်ပွဲပြင်းထန်နေတယ်လို့ ကော်ဘရာစစ်ကြောင်း ထုတ်ပြန် မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးတိုက်ပွဲမှာ စစ်ကောင်စီထံမှ ရရှိခဲ့တဲ့ လက်နက်ခဲယမ်းများကို ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်လာသည့်ပုံ။
Photo: Cobra Column

ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ သေ့ဘော့ဘိုးကျေးရွာကို စစ်ကြောင်းထိုးလာတဲ့ တပ်မ ၄၄ လက်အောက်ခံ၊ နည်းဗျူဟာ ၄၄၃ စစ်ကောင်စီတပ်နဲ့ ကော်ဘရာစစ်ကြောင်းကပူးပေါင်းတပ်တွေ နိုဝင်ဘာ ၁၄ ရက်နေ့ ညပိုင်းကတိုက်ပွဲ ပြင်းထန်ခဲ့ပြီး စစ်ကောင်စီတပ်ဘက်က အရာရှိတစ်ဦးအပါအဝင် လေးဦးသေဆုံးပြီး ၁၀ ဦးကျော်လောက် ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေးတာဝန်ခံက RFA ကိုပြောပါတယ်။

တိကျတဲ့သတင်းအချက်အလက်အရ ဗိုလ်ကြီးအဆင့်ရှိအရာရှိတစ်ဦးနဲ့ လေးဦးသေတယ်ဆိုတာကို အတည်ပြုနိုင်တယ်လို့ သူကပြောပါတယ်။

စစ်ကောင်စီတပ်ဘက်က လက်နက်နဲ့ ကျည်ဆံတွေအပါအဝင် ကိုယ်ရေးကိုယ်တာ ဓာတ်ပုံအချို့လည်း သိမ်းဆည်းရမိခဲ့တယ်လို့ ပြောပါတယ်။

တိုက်ပွဲမှာ KNLA တပ်ရင်း ၂၇ ကော်ဘရာပူးပေါင်းစစ်ကြောင်း၊ ကျားသစ်နက်စစ်ကြောင်း Federal Wings Drone၊ ရောင်နီတပ်ခွဲ Drone နဲ့ တပ်မဟာလုံခြုံရေးစစ်ကြောင်း တပ်ခွဲ ၂ တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်တယ်လို့ ကော်ဘရာကော်လံက ထုတ်ပြန်ထားပါတယ်။

သေ့ဘော့ဘိုတိုက်ပွဲမှာ အရာရှိစစ်သည်တချို့ ကျဆုံးတာနဲ့ပတ်သက်ပြီး စစ်ကောင်စီလက်အောက်ခံ ကရင်ပြည်နယ် စီးပွားရေးရာဝန်ကြီး ဦးစောခင်မောင်မြင့်ကို RFA ကဆက်သွယ်ချိန်မှာ လုံခြုံရေးနဲ့ နယ်စပ်ရေးဝန်ကြီးကိုသာ မေးမြန်းဖို့ ပြောပါတယ်။စစ်ကောင်စီရဲ့ပြောရေးဆိုခွင့်ရှိသူ ဗိုလ်ချုပ်ဇော်မင်းထွန်းကို ဆက်သွယ်ရာမှာလည်း ဆက်သွယ်လို့မရပါဘူး။

နိုဝင်ဘာ ၁၃ ရက်နေ့ကလည်း ကရင်အမျိုးသားအစည်းအရုံး၊ တပ်မဟာ ၆ ​ဒေသလူခို့၊ ညောင်ချောင်းဒေသမှာ တပ်မ ၄၄ လက်အောက်ခံ နည်းဗျူဟာ ၄၄၁ လက်အောက်ခံတပ်တွေနဲ့ ပူးပေါင်းတပ်ဖွဲ့တွေ အကြားတိုက်ပွဲဖြစ်ပွားပြီးတစ်ဦးသေဆုံးပြီး IO အရာရှိအပါအဝင်လေးဦးအပြင်းအထန်ဒဏ်ရာရရှိခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။