ထိုင်းမြန်မာနယ်စပ်မှာ တိုက်ပွဲများ ဆက်လက်ဖြစ်ပွားဆဲ
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့တောင်ဘက် ဖလူးလေးကျေးရွာအနီးနဲ့ ဝေါလေဒေသတွင်းမှာ မနေ့က ညနေပိုင်းနဲ့ ဒီကနေ့ နိုဝင်ဘာ ၃၀ ရက် မနက်ပိုင်းအထိ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေနဲ့ စစ်အစိုးရတပ်တွေအကြား တိုက်ပွဲတွေ ဆက်လက် ဖြစ်ပွားနေပြီး ဗိုလ်ချုပ် ထိန်မောင် ခေါင်းဆောင်တဲ့ ငြိမ်းချမ်းရေးကောင်စီ တပ်ဖွဲ့ဝင်အချို့ကို စစ်အစိုးရတပ်တွေက ဒီကနေ့ မနက်ပိုင်းမှာ ဖမ်းဆီးသွားခဲ့တယ်လို့ စုံစမ်း သိရှိရပါတယ်။
-
2010-11-30 -
-
-
Your browser doesn’t support HTML5 audio
မနေ့က ညပိုင်းနဲ့ ဒီကနေ့မနက်ပိုင်းအထိ ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဖက်ခြမ်းနဲ့ ဝေါလေဂွင်အတွင်း စစ်အစိုးရတပ်တွေနဲ့ ဒီကေဘီအေ ခွဲထွက်အဖွဲ့တွေအကြား တိုက်ပွဲဖြစ်ပွားခဲ့တဲ့ အခြေအနတွေနဲ့ပတ်သက်လို့ ဒီကေဘီအေ ကလိုထူးဘော ဗျူဟာ(၁) ရဲ့ စစ်ဆင်ရေးတာဝန်ခံ ဗိုလ်မှူး ဆန်းအောင်က RFA ကို ပြောပြပါတယ်၊
“ညကတည်းကနေ ဒီမနက်ထိက ဖလူးလေးဘုရားမှာ ပစ်တယ်။ နောက်မနေ့က ပုထောဝါးလေးမှာလည်း ပစ်တယ်နော်၊ နောက်ပြီးတော့ နယ်စပ် ထိုင်းနားမှာလည်း ပစ်တာပဲနော်၊ တောက်လျှောက်ဖြစ်နေတာပဲနော် တိုက်ပွဲက။ အခုက ပစ်ခတ်မှုဖြစ်တာ သုံးရက် လေးရက်လောက် ရှိပြီ။ ပြောက်ကျားနဲ့လည်း တိုက်ခိုက်တာ ရှိတယ်။ ကျနော်တို့က ခြုံခိုတိုက်ခိုက်တာလည်း ရှိတယ်။ ရန်သူက ဝေါလေးအနားရဲ့ တမိုင်စွန်းစွန်းလေးမှာ ရောက်လာတယ်။ အဲလောက်ပဲ တိုးနိုင်တယ်။ ဝေါလေးဘက်အဖွဲ့က။ တိုးပြီးတော့ ကျနော်တို့လူကလည်း စောင့်မနိုင်တော့ သွားပြီးတော့ ခြောင်းချက် ပစ်ခတ်မှု ဖြစ်တယ်နော် ညက။”
ဒီကနေ့ မနက်ပိုင်း တိုက်ပွဲတွေမှာ စစ်အစိုးရဖက်က ထိခိုက်ဒဏ်ရာရတာ ရှိပေမဲ့ လူဦးရေ အတိအကျမသိရပဲ မနေ့က ညနေပိုင်း ဖလူးလေးကျေးရွာ တောင်ဖက်ခြမ်း တိုက်ပွဲမှာတော့ စစ်အစိုးရဖက်က လေးဦး ထိခိုက် ဒဏ်ရာရတယ်လို့ ဗိုလ်မှူးဆန်းအောင်က ဆက်ပြောပါတယ်။
မနက် ၉ နာရီ ဝန်းကျင်လောက်က ဖလူးလေးကျေးရွာ တောင်ဖက်မှာရှိတဲ့ ဗိုလ်ချုပ် ထိန်မောင် ဦးဆောင်တဲ့ ငြိမ်းချမ်းရေး ကောင်စီ (၇၇၇) ဗျူဟာအဖွဲ့က တပ်ဖွဲ့ဝင်တွေရဲ့ ဂိတ်ကို စစ်အစိုးရတပ်တွေ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ငြိမ်းချမ်းရေး ကောင်စီဖက်က တဦး ဒဏ်ရာရပြီး ၆ ဦး ဖမ်းဆီးခံခဲ့ရတယ် ဆိုတဲ့သတင်းတွေလည်း ထွက်ပေါ်ခဲ့ပါတယ်၊
ဒီကိစ္စနဲ့ပတ်သက်ပြီး ငြိမ်းချမ်းရေးကောင်စီ အဖွဲ့ဝင် တဦးက စစ်အစိုးရ တပ်ဖွဲ့ဝင်တွေဖက်က ပစ်ခတ်ခြင်း မရှိပဲ မှားယွင်း ဖမ်းဆီးသွားတာ ဖြစ်ကြောင်း ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ် မြဝတီမြို့ တောင်ဖက်ခြမ်းနဲ့ ဝေါလေဂွင်အတွင်းမှာ စစ်အစိုးရ စကခ ၁၂ နဲ့ စကခ ၁၉ လက်အောက်ခံ တပ်ရင်းတွေဖြစ်တဲ့ ခမရ ၂၃၀ ၊ ခမရ ၅၄၉ ၊ ခလရ ၆၁။ ခမရ ၂၃၀ စတဲ့ တပ်ရင်း ၄ ရင်းက အင်အား ၄၀၀ နီးပါးလောက်နဲ့ ဒီကေဘီအေ တပ်တွေ ၄ ရက်ကြာ တိုက်ပွဲတွေ ဆက်ဖြစ်ပွားနေခဲ့တာ ဖြစ်ပါတယ်၊
အဲဒီတိုက်ပွဲတွေကြောင့် ဒီကနေ့ မနက်ပိုင်းမှာ မြဝတီမြို့တောင်ဖက်က မင်းလက်ပံ၊ ဖလူးကြီး ဖလူးလေးနဲ့ ရသေ့ပူ ကျေးရွာတွေက စစ်ပြေးဒုက္ခသည် ၄၀၀ ကျော်လောက် သောင်းရင်းမြစ်ကို ဖြတ်ကျော်ပြီး ထိုင်းနိုင်ငံဖက်ခြမ်းကို ထပ်မံ ထွက်ပြေး ရောက်ရှိလာတယ်လို့လည်း စုံစမ်းသိရပါတယ်။
ဒီအကြောင်းအသေးစိတ်ကို RFA သတင်းထောက် ကိုမိုးကျော်က သတင်း ပေးပို့ထားပါတယ်။
သတင်းပေးပို့ချက် |
|
အသံဖိုင်ယူရန် |