မြဝတီမြို့ ငွေလိမ်လုပ်ငန်းမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ယောက် လွတ်မြောက်

မြဝတီမြို့နယ်ထဲက ကျားဖျန့်ငွေလိမ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ဦး လွတ်မြောက်ခဲ့လာပါတယ်။

ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့နယ် ငွေလိမ်လုပ်ငန်းမှ လွတ်မြောက်လာသည့် အိန္ဒိယနိုင်ငံသား ၂၁ ဦးအား ခုနှစ်၊ ဩဂုတ်လ ၂၇ ရက်က တွေ့ရစဉ်။ India in Myanmar (Embassy of India, Yangon Photo

ထိုင်း - မြန်မာ နယ်စပ် မြဝတီမြို့နယ်ထဲက ကျားဖျန့်ငွေလိမ်လုပ်ငန်းတစ်ခုမှာ ပိတ်မိနေတဲ့ အိန္ဒိယနိုင်ငံသား ၂၁ ဦး ဩဂုတ်လ ၂၇ ရက်နေ့မှာ လွတ်မြောက်ခဲ့လာတယ်လို့ မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံရုံးက ထုတ်ပြန်ပါတယ်။

သူတို့ဟာ မြဝတီမြို့နယ်ထဲက Dongmei လို့ အမည်ရတဲ့ ငွေလိမ်လုပ်ငန်းမှာ ပိတ်မိနေတဲ့သူတွေ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လ ၁၂ ရက်နေ့မှာ တစ်ယောက်နဲ့ သြဂုတ်လ ၂၀ ရက်‌နေ့မှာလည်း ခြောက်ယောက် လွတ်မြောက်ခဲ့ပါသေးတယ်။

အဲဒီငွေလိမ်လုပ်ငန်းလုပ်တဲ့ ခြံဝင်းထဲကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၆ ရက်နေ့ကစပြီး လွတ်မြောက်လာတဲ့ အိန္ဒိယ နိုင်ငံသား ၅၇ ယောက်အထိ ရှိပြီလို့လည်း သံရုံးရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ တရားမဝင် အလုပ်အကိုင်တွေ ခေါ်ယူတာနဲ့ ပတ်သက်ပြီး အလိမ်မခံရဖို့ကိုလည်း သံရုံးက သတိပေးထားပါတယ်။

၂၀၂၄ ခုနှစ် မေ လ ၁ ရက်ကနေ အောက်တိုဘာလ ၃၁ ရက်အထိ ငါးလအတွင်း မြဝတီမြို့မှာရှိတဲ့ ကျားဖျန့် ငွေလိမ်လုပ်ငန်းတွေက တရုတ်နိုင်ငံသားတွေ ထွက်ခွာသွားရမယ်လို့ မြဝတီမြို့ BGF စည်းကမ်းထိန်းသိမ်းရေး အဖွဲ့က မေလ ၃ ရက်နေ့မှာ ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ၂၀၂၃ ခုနှစ်အတွင်း အရှေ့တောင်အာရှအခြေစိုက် အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ကမ္ဘာတစ်ဝန်းက သန်းနဲ့ချီတဲ့လူတွေဆီကနေ ဒေါ်လာ ၆၄ ဘီလီယံနီးပါး ခိုးယူခဲ့ကြတယ်လို့ အမေရိကန် ငြိမ်းချမ်းရေးအင်စတီကျု (USIP) အစီရင်ခံစာတစ်စောင်မှာ ဖော်ပြထားပါတယ်။ အွန်လိုင်းငွေလိမ်ဂိုဏ်းတွေဟာ ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ် အနောက်ဘက်ကမ်းတစ်လျှောက်မှာရှိနေပြီး အရှေ့တောင်အာရှနိုင်ငံပေါင်း ၅၀ ကျော်ကနေ လူကုန်ကူးခံထားရသူတွေကို အဲဒီလုပ်ငန်းတွေမှာ အဓမ္မခိုင်းစေနေတာလို့ ဆိုပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org