ပြည်သူ့ဂုဏ်ရည် ဆုပေးပွဲ ရန်ကုန် မှာ ကျင်းပ

ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည် ဆု ရရှိသူ ၃ ဦးကို ရန်ကုန်မြို့ ဗဟန်းမြို့ နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ဆုပေးပွဲ ကျင်းပခဲ့ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ရန်ကုန်မြို့ တော်ဝင်နှင်းဆီခန်းမမှာ ဇွန်လ ၁၄ ရက်နေ့က ကျင်းပတဲ့ ပြည်သူ့ဂုဏ်ရည်ဆုပေးပွဲမှာ မဖြိုးဖြိုးအောင်ကိုယ်စား ဖခင် ဒေါက်တာနေဝင်းမှ ဆုလက်ခံယူနေစဉ် Photo: Sann Maw Aung/ RFA

ဒီနှစ် ၂၀၁၅ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု ရရှိသူ ၃ ဦးကို ရန်ကုန်မြို့ ဗဟန်းမြို့နယ် တော်ဝင်နှင်းဆီ ခန်းမမှာ ဆုပေးပွဲကျင်းပခဲ့ပြီး ဂုဏ်ပြုခဲ့ကြပါတယ်။

ပြည်သူ့ဂုဏ်ရည်ဆုရွေးချယ်ရေးအဖွဲ့ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင် ဦးတင်မောင်မောင်အေးက ဆုတက်ရောက်ယူနိုင်ခြင်းမရှိတဲ့ ပြည်သူ့ဂုဏ်ရည်ဆုရှင် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဗကသ ကျောင်းသူ မဖြိုးဖြိုးအောင်နဲ့ ဆုရရှိတဲ့သူအားလုံးကို လေးစားဂုဏ်ယူကြောင်း ပြောပါတယ်။

"ပင်မဆုရှင်က အရင်တုန်းကလို သူကိုယ်တိုင်ဆုကို တက်ရောက်ယူနိုင်တဲ့ အခြေအနေမှာ မရှိဘူးပေါ့နော်၊ မဖြိုးဖြိုးအောင်က အကျဉ်းထောင်မှာ ကျနေတယ်၊ အဲ့ဒါက ထူးထူး ခြားခြားပေါ့နော်၊ ပြည်သူ့ဂုဏ်ရည်ဆုရှင်တွေ ရဲ့ ဖြတ်သန်းခဲ့ရတဲ့ ဘဝအခြေအနေ၊ လုပ်ဆောင်ခဲ့ရတဲ့ အလုပ်အကိုင်တွေ၊ ကိုယ်ကျိုးစွန့်အနစ်နာ ခံခဲ့ရ တာတွေကို ပြန်ကြည့် မယ်ဆိုရင် ကျနော်တို့အဖွဲ့တွေအနေနဲ့ အများကြီးဂုဏ်ယူပါတယ်၊ လေးစားတယ်၊ အဲ့တွက်လည်း ဒီမှာ ပြည်သူ့ဂုဏ်ရည်ဆု ဆိုပြီး လုပ်ဖြစ်တာပါ"

မဖြိုးဖြိုးအောင်ဟာ သာယာဝတီအကျဉ်းထောင်မှာ ဖမ်းဆီးခံထားရဆဲဖြစ်တာကြောင့် ဖခင်ဖြစ်သူ ဒေါက်တာ နေဝင်းက ဆုတက်ရောက်ယူခဲ့ပါတယ်။

မဖြိုးဖြိုးအောင်ဟာ ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ်ခဲ့စဉ်က သေဆုံးခဲ့ရတဲ့သူတွေရဲ့ အလောင်းကို လိုက်လံကောက်ယူပြီး မြေမြှုပ်ပေးခဲ့တာကြောင့် ထောင်ဒဏ် ၄ နှစ် ကျခံခဲ့ရပါတယ်။

ဒါ့အပြင် အမျိုးသားပညာရေးဥပဒေပြင်ဆင်ရေးအတွက် ဦးဆောင်ခဲ့သူဖြစ်ပြီး လက်ရှိ သာယာဝတီ အကျဉ်းထောင် မှာ တခြားကျောင်းသားတွေနဲ့အတူ ဖမ်းဆီးခံ ထားရတာကို ဂုဏ်ပြုတဲ့အနေနဲ့ ဒီဆုကို ချီးမြှင့်တာလို့ ဆုရွေးချယ်ရေး အဖွဲ့ကပြောပါတယ်။

အလားတူ အထူးဆုရခဲ့တဲ့ ဒေါက်တာနန္ဒဝင်းဟာ ဧရာဝတီတိုင်းဒေသကြီး အင်္ဂပူမြို့မှာ မြို့နယ်ကျန်းမာရေး ဦးစီးမှူးအဖြစ်တာဝန်ယူရင်း ကျန်းမာရေး နဲ့ညီညွတ်ပြီး ဈေးနှုန်း သက်သာတဲ့ တန်ဖိုးသင့်ညစာ အစီအစဉ် ကို အောင်မြင်အောင် အကောင်အထည်ဖော် နိုင်ခဲ့သူဖြစ်ပါတယ်။

အထူးဆုရှင် နောက်တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်ဟာ ရန်ကုန်မြို့ လှည်းတန်းမှာ ငါးကင်ရောင်းရတဲ့ငွေနဲ့ တစ်ပိုင် တစ်နိုင်စာကြည့်တိုက်တစ်ခု တည်ထောင်ထား တာကြောင့် ဆုချီးမြှင့်ခံရသူဖြစ်ပါတယ်။

ဒီနေ့ အခမ်းအနားကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD နာယက သူရဦးတင်ဦးက သဝဏ်လွှာပေးပို့ခဲ့သလို ၈၈မျိုးဆက်ငြိမ်းချမ်းရေး နဲ့ပွင့်လင်းလူ့အဖွဲ့အစည်း က ခေါင်းဆောင်တွေ၊ နိုင်ငံရေးပါတီတွေနဲ့ အရပ်ဘက်အဖွဲ့ အစည်းတွေက ကိုယ်စားလှယ် တွေ တက်ရောက်ကြပါတယ်။

ပြည်သူ့ဂုဏ်ရည် အသင်းကို အမေရိကန်ပြည်ထောင်စုမှာ နေထိုင်ကြတဲ့ မြန်မာနိုင်ငံ သားတွေက ၂၀၀၉ ခုနှစ်မှာ စတင်တည်ထောင်ခဲ့တာဖြစ်ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org