၂ဝ၁၃ ပြည်သူ့ဂုဏ်ရည်ဆု NLD ပညာရေးကွန်ရက် ရရှိ


2013.06.10
nld-citizen-burma-award-305.jpg ၂ဝ၁၃ ခုနှစ် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ NLD ပညာရေးကွန်ရက်က ဇွန်လ ၁ဝ ရက်နေ့က လက်ခံရယူနေစဉ်
photo: RFA/ Myo Zaw Ko

ပြည်သူ့ဂုဏ်ရည်အသင်းက ပေးအပ်တဲ့ ၂ဝ၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆု (Citizen of Burma Award) ကို အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပညာရေးကွန်ရက်က ရရှိခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းမှာရှိတဲ့ ကျောင်းမတက်နိုင်တဲ့ ကလေးငယ်တွေအတွက် အခမဲ့ပညာဒါနကျောင်းတွေ ဖွင့်လှစ်ခဲ့တာအပြင် ပညာရေးစနစ် ပြုပြင်ပြောင်းလဲ တဲ့နေရာမှာ အင်တိုက်အားတိုက် ကျယ်ကျယ်ပြန့်ပြန့် လုပ်ဆောင်နေတဲ့အတွက် အခုလိုဆုပေးအပ်ရတာဖြစ် တယ်လို့ ဒီကနေ့ ရန်ကုန်မြို့၊ တော်ဝင်နှင်းဆီခန်းမမှာ ကျင်းပတဲ့ ဆုပေးအပ်ပွဲ အခမ်းအနားမှာ ပြည်သူ ဂုဏ်ရည်အသင်းက ပြောပါတယ်။

ဒီကနေ့ကျင်းပတဲ့ အခမ်းအနားမှာ ၂ဝ၁၃ ခုနှစ် အတွက် ပြည်သူ့ဂုဏ်ရည်ဆုအပြင် အထူးဆုတွေအဖြစ် လွတ်လပ်ငြိမ်းချမ်းပန်းရဲ့လမ်းအဖွဲ့က ဦးရဲလွင်၊ မြန်မာ့ လူမှုဘဝ ဖွံ့ဖြိုးတိုးတက်ရေးကွန်ရက်အဖွဲ့က ဗိုလ်ကြီးဟောင်းနေမျိုးဇင်နဲ့ ကျန်းမာရေးနဲ့ ညီညွှတ်မျှတတဲ့ ရေသန့် ရရှိရေးကို ရိုးရှင်းပြီးကုန်ကျစရိတ်သက်သာတဲ့ နည်းပညာတွေနဲ့ တနိုင်တပိုင်ဖြန့်ဖြူးကူညီနေတဲ့ အင်ဂျင်နီယာ ဦးသန်းနိုင်တို့ကို ပေးအပ်ခဲ့ပါတယ်။

ပြည်သူ့ဂုဏ်ရည်အသင်းက ၂ဝ၁၃ ခုနှစ်အတွက် ပြည်သူ့ဂုဏ်ရည်ဆုကို ဆုကြေးငွေအဖြစ် အမေရိကန်ဒေါ်လာ ၁ သောင်းပေးအပ်ခဲ့ပြီး ကျန်တဲ့အထူးဆုတွေကို အမေရိကန်ဒေါ်လာ ၁ ထောင် ပေးအပ်ခဲ့ပါတယ်။ ပြည်သူ့ ဂုဏ်ရည်ဆုကို မြန်မာပြည်တွင်းမှာရှိတဲ့ စေတနာ့ဝန်ထမ်း လူမှုလုပ်ငန်းစွမ်းဆောင်သူတွေအတွက် ၂ဝ၁ဝ ခုနှစ်ထဲက စတင်ပေးအပ်ခဲ့တာဖြစ်ပြီး နာရေးကူညီမှုအသင်း(ရန်ကုန်)က ပထမဆုံးအကြိမ်ရရှိခဲ့တာ ဖြစ်ပါတယ်။

မှတ်ချက်ပေးပို့ရန်

မှတ်ချက်များကို အောက်ပါ ပုံစံတွင် ရေးသားနိုင်ပါသည်။ RFA ၏ အသုံးပြုခြင်းဆိုင်ရာ စည်းမျဉ်းစည်းကမ်းများနှင့် အညီ လိုအပ်လျှင် တည်းဖြတ်ပြီး ဖော်ပြပါမည်။ မှတ်ချက်များကို ရေးပြီးပြီးချင်း ချက်ခြင်း မြင်ရမှာ မဟုတ်ပါ။ တင်ပြထားသော မှတ်ချက်ပါ အကြောင်းအရာများ အတွက် RFA မှာ တာဝန်မရှိပါ။ ကျေးဇူးပြု၍ တခြား မှတ်ချက်ရေးသူများ၏ အမြင်ကို လေးစားပြီး အကြောင်းအရာကိုသာ အဓိကထား ရေးသားစေလိုပါသည်။