မြေရှားသတ္တု ခိုးတွင်းများပြားမှုကို ကချင်ဝန်ကြီး ထောက်ပြ
ကချင်ပြည်နယ် မြစ်ကြီနားခရိုင် ချီဖွေမြို့နယ်နဲ့ ပန်ဝါမြို့နယ်ခွဲအတွင်း မြေရှားသတ္တု တရားမဝင် တူးဖော်မှု များနေပါတယ်။
-
အဲလိဇဘက်ဂျန်မာ
2019-12-19 -
-
-
ပြည်ထောင်စု အစိုးရအဖွဲ့ရဲ့လမ်းညွှန်ချက်နဲ့ သွားရောက်စစ်ဆေးရာမှာ ခွင့်ပြုမိန့် တောင်းခံထားဆဲနဲ့ ခွင့်ပြုမိန့် လျှောက်ထားခြင်းမရှိဘဲ တရားမဝင် တူးဖော်နေတဲ့ လုပ်ကွက် ရာဂဏန်းအထိ ရှိနေတာကို တွေ့ရတယ်လို့ ပြည်နယ်အစိုးရ သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးဒါရှီလဆိုင်းက ပြောပါတယ်။
ပြည်နယ် သတ္တုတွင်းဦးစီးဌာန စာရင်းမှာတော့ မြန်မာမျိုးကိုကိုကုမ္ပဏီတစ်ခုသာ ထုတ်လုပ်ခွင့်ပြုမိန့် ရရှိထား တာဖြစ်ပြီး အဲဒီကုမ္ပဏီဟာ လုပ်ကွက် ၅ကွက် ၊ စုစုပေါင်း မြေဧက ၁၄၄ ဧကမှာ တူးဖော်နေတယ်လို့ ဖေဖော်ဝါရီလက RFA ကို ပြောထားပါတယ်။
ဒီလို တရားမဝင်လုပ်ကွက်တွေ များနေတာဟာ တရားဝင် လုပ်ငန်းခွင့်ပြုမိန့် ရရှိဖို့ လုပ်ငန်းစဉ် အစီအစဉ်တကျ ဆောင်ရွက်တဲ့နေရာမှာ ကြန့်ကြာနေတာနဲ့ မငြိမ်းချမ်းတဲ့နေရာ ဖြစ်တဲ့အတွက် ဌာနဆိုင်ရာတွေ ကွင်းဆင်း စစ်ဆေးဖို့ ခက်ခဲနေတာကြောင့် ဖြစ်တယ်လို့လည်း ဝန်ကြီးက ပြောပါတယ်။
တရားမဝင် တူးဖော်နေတာဟာ ပုဂ္ဂလိက လုပ်ကွက်တွေ အများဆုံးဖြစ်ပြီး ဒေသခံတွေနဲ့ လွှတ်တော် ကိုယ်စားလှယ်တွေပါ လုပ်ကိုင်နေတာ တွေ့ရတယ်လို့ ဝန်ကြီး က ပြောပါတယ်။
ရှအစ်လူမှုဖွံ့ဖြိုးရေးအသင်းနဲ့ လောင်ဗျစ်ခေါင်(ဒေသခံ) အဖွဲ့ရဲ့ စစ်တမ်းမှာတော့ ပန်ဝါဒေသက ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်ဖွဲ့ ခေါင်းဆောင်တွေနဲ့ နီးစပ်တဲ့ ကုမ္ပဏီတွေက လုပ်ကိုင်နေတာဖြစ်ပြီး လုပ်ကွက် ၁၀၀ ကျော်မှာ တစ်ဘက်နိုင်ငံက တရုတ်လုပ်ငန်းရှင်တွေနဲ့ ပူးပေါင်း လုပ်ကိုင်နေတယ်လို့ ဖော်ပြထားပါတယ်။
ဒီမြေရှားသတ္တုကို တောင်ကုန်း တောင်တန်းတွေကနေ တူးဖော်ရတာဖြစ်ပြီး ကချင်အထူးဒေသ ၁ နယ်မြေထဲမှာ အများဆုံး ထွက်ရှိတာဖြစ်ပါတယ်။
ဒီမြေရှားသတ္တုကို တရုတ်ဈေးကွက်အတွက် တူးဖော်ကြတာပါ။
ဒီလို တူးဖော်မှုလုပ်ငန်းကြောင့် ဒေသခံတွေရဲ့သောက်သုံးရေ ညစ်ညမ်းပြီး သဘာဝပတ်ဝန်းကျင် ဆိုးရွားစွာ ထိခိုက်ပျက်စီးနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒီကိစ္စကို ပြည်နယ်အစိုးရအနေနဲ့ ပြင်းပြင်းထန်ထန် တားဆီးအရေးယူပေးဖို့ ဒီဇင်ဘာ ၁၈ ရက်နေ့က ပြည်နယ် လွှတ်တော်အစည်းအဝေးမှာ အင်ဂျန်းယန်မဲဆန္ဒနယ်အမှတ် (၁) ကိုယ်စားလှယ် ဦးဇော်မိုးနော်က တင်ပြခဲ့ပါတယ်။
ဒီတူးဖော်မှုတွေကြောင့် တစ်နိုင်တပိုင် မွေးမြူထားတဲ့ တိရိစ္ဆာန်တွေ သေဆုံးတာ၊ သဘာဝပတ်ဝန်းကျင်ပျက်စီး ဆုံးရှုံးတာတွေ ရှိနေတယ်လို့ ပြောလာသူတွေထဲက တစ်ဦးက ချီဖွေဒေသခံ ဦးဇောင်းဒိုင်ပါ။
အဲဒီမြေရှားသတ္တုကို ချီဖွေမြို့နယ် အန်းခေါ၊ ရှဖုတ်၊ လုပီ၊ လားတာ၊ ဇုတ်လန့်၊ ဆင်းခုံး၊ ကျူးရှိုင်း၊ စေ့ဇမ်း၊ ဘမ်ဘူး၊ ပန်ဝါ အစရှိတဲ့ ကျေးရွာတွေမှာ တူးဖော်နေတာပါ။
ဒီသတ္တုတူးဖော်မှုတွေကို ရပ်စဲပေးဖို့ ဒေသခံတွေက ဖေဖော်ဝါရီလကတည်းက နိုင်ငံတော်သမ္မတ၊ ပြည်နယ် အစိုးရအဖွဲ့ရုံးနဲ့ ကချင်အထူးဒေသ(၁)ကို စာပေးပို့ တောင်းဆိုခဲ့ပေမယ့် ထူးခြားမှု မရှိသေးဘူးလို့ သိရပါတယ်။