မြန်မာ့အရေး တရုတ်ကြားဝင်ဆောင်ရွက်မှု FPNCC ကြိုဆို

မြန်မာပြည်တွင်း ပဋိပက္ခတွေပြေလည်ဖို့ တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်တာကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီအဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

UWSA ဌာနချုပ် ပန်ဆန်းမြို့တွင် ပြည်ထောင်စု နိုင်ငံရေးဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင်များ မတ်လ ၁၅ ရက်နေ့က တွေ့ဆုံဆွေးနွေးစဉ်။ Ta'ang State News

မြန်မာပြည်တွင်း ပဋိပက္ခတွေပြေလည်ဖို့ တရုတ်နိုင်ငံကြားဝင်ဆောင်ရွက်တာကို ပြည်ထောင်စုနိုင်ငံရေး ဆွေးနွေးညှိနှိုင်းရေးကော်မတီ (FPNCC) အဖွဲ့ဝင် မြောက်ပိုင်းမဟာမိတ်အဖွဲ့တွေက ကြိုဆိုလိုက်ပါတယ်။

ရှမ်းပြည်နယ်၊ ဝ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ပန်ဆန်းမြို့မှာ မတ်လ ၁၅ နဲ့ ၁၆ ရက် နှစ်ရက်ကြာကျင်းပခဲ့တဲ့ မြောက်ပိုင်းမဟာမိတ်အဖွဲ့ ခုနစ်ဖွဲ့ အစည်းအဝေးအပြီး ထုတ်ပြန်တဲ့ အချက် ၇ ချက်ပါ ကြေညာချက်မှာ ဖော်ပြထားတာပါ။

ထုတ်ပြန်ချက်မှာ ပြည်မနဲ့ တိုင်းရင်းသားဒေသ ငြိမ်းချမ်းရေးတည်ဆောက်ဖို့ လူနည်းစုတိုင်းရင်းသားတွေရဲ့ အင်အားနဲ့ အစွမ်းအစတွေကိုသာ အားကိုးကြရမှာဖြစ်တယ်လို့လည်း ပါဝင်ပါတယ်။

ဒါ့အပြင် နယ်စပ်ဒေသတည်ငြိမ်ဖို့ တရုတ်အစိုးရနဲ့ ဆက်လက် လက်တွဲလုပ်ကိုင်သွားမယ်လို့လည်း ဖော်ပြထားပါတယ်။

အစည်းအဝေးကို ကချင်ပြည်လွတ်လပ်ရေးအဖွဲ့ (KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လ၊ ရက္ခိုင့်တပ်တော် (AA) စစ်ဦးစီးချုပ် ဗိုလ်ချုပ် ထွန်းမြတ်နိုင်၊ တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် (TNLA) ဥက္ကဋ္ဌ တာအိုက်ဖုန်း၊ “ဝ” ပြည် သွေးစည်းညီညွတ်ရေးတပ်မတော် (UWSA)၊ ရှမ်းပြည်တိုးတက်ရေးပါတီ (SSPP)၊ မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ အမျိုးသားဒီမိုကရက်တစ် မဟာမိတ်တပ်မတော် (NDAA) ခေါ် မိုင်းလားတို့က ခေါင်းဆောင်တွေ တက်ရောက်ခဲ့ကြပါတယ်။

ဒီ ခုနစ်ဖွဲ့ထဲက UWSA၊ NDAA နဲ့ SSPP က ကိုယ်စားလှယ်တချို့ဟာ ဇန်နဝါရီလ ၅ ရက်နေ့က နေပြည်တော်မှာ စစ်ကောင်စီရဲ့ ငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့နဲ့ တွေ့ဆုံထားပါတယ်။

ပြီးခဲ့တဲ့ ဖေဖော်ဝါရီလကုန်လောက်ကတော့ တရုတ်အစိုးရရဲ့အထူးကိုယ်စားလှယ် တိန့်ရှီကျန်ဟာ FPNCC အဖွဲ့ဝင်တွေဖြစ်တဲ့ UWSA၊ KIA၊ NDAA ခေါင်းဆောင်တွေနဲ့ တစ်ဖွဲ့ချင်းစီ သွားရောက်တွေ့ဆုံခဲ့သလို မတ်လဆန်းမှာလည်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နဲ့ တွေ့ဆုံခဲ့ပါသေးတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org