ပြည်တွင်းစစ်ကြောင့် ခြောက်လအတွင်း ကလေး ၄ဝ ကျော်သေဆုံး၊ တစ်ရာကျော် ဒဏ်ရာရ

ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးသူငယ်တွေ သေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်း ကြောက်ခမန်းလိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့ ဒီကနေ့ထုတ်ပြန်တဲ့ မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

စစ်ကိုင်းတိုင်း လဟယ်မြို့နယ်အတွင်းရှိ ကျေးရွာတစ်ရွာတွင် စစ်တိုက်တမ်း ကစားနေသည့် ကလေးငယ်များအား ၂၀၂၀ နိုဝင်ဘာလ ၉ ရက်နေ့က တွေ့ရစဉ်။ AFP

၂၀၂၀ ပြည့်နှစ် ဇန်နဝါရီလကနေ ဇွန်လအတွင်း မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ကြောင့် ကလေး ၄၃ ယောက်သေဆုံးခဲ့ရပြီး၊ ၁၀၃ ယောက် ကိုယ်လက်အင်္ဂါ ချို့ယွင်းခဲ့ရတယ်လို့ ကုလသမဂ္ဂ ကလေးများရန်ပုံငွေအဖွဲ့ (UNICEF) က ပြောလိုက်ပါတယ်။

ဒီပမာဏဟာ ပြီးခဲ့တဲ့ ၂၀၁၈ ၊ ၂၀၁၉ ခုနှစ်တွေနဲ့ နှိုင်းယှဉ်ရင် ကလေးတွေသေဆုံး၊ ထိခိုက်ဒဏ်ရာရနှုန်းတွေ ကြောက်ခမန်းလိလိ တိုးလာနေတာကြောင့် အလွန်စိုးရိမ်တယ်လို့လည်း မြန်မာနိုင်ငံဆိုင်ရာ UNICEF အဖွဲ့ရဲ့ ဒီကနေ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

၂၀၂၀ပြည့်နှစ် ဇန်နဝါရီလကနေ စက်တင်ဘာလအတွင်း မြေမြှုပ်မိုင်းနှင့် စက်လက်နက်ပစ္စည်း ပေါက်ကွဲမှုကြောင့် သေဆုံးရတဲ့ ကလေး ၁၃ ယောက်ရှိခဲ့ပြီး ကလေး ၅၆ ဦး အပြင်းအထန် ဒဏ်ရာရရှိခဲ့တယ်လို့ ဆိုပါတယ်။

တပ်မတော်နဲ့ ရခိုင့်တပ်တော် AA တို့ တိုက်ပွဲတွေဖြစ်နေတဲ့ ရခိုင်ပြည်နယ်မှာ စစ်ကြောင့် ကလေးတွေသေဆုံး၊ ဒဏ်ရာရမှု အများဆုံးဖြစ်ပါတယ်။

ပြီးခဲ့တဲ့ နိုဝင်ဘာလ ၁၈ ရက်နေ့ကလည်း ရခိုင်ပြည်နယ်၊ မောင်တော်မြို့မယ်မှာ မြေမြုပ်မိုင်းပေါက်ကွဲလို့ ကလေးငယ်တဦးနဲ့ မိဘနှစ်ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးခဲ့ပြီး၊ ကလေးနှစ်ဦးအပါအဝင် လေးဦး ဒဏ်ရာ အပြင်းအထန်ရသွားလို့ စစ်တွေဆေးရုံမှာ ဆေးကုသနေရပါတယ်။

ကလေးငယ်တွေ ဘေးကင်းလုံခြုံရေးအတွက် မြန်မာနိုင်ငံတွင်းမှာ ဖြစ်ပွားနေတဲ့ စစ်ပဋိပက္ခတွေအတွင်း ပါဝင်တဲ့ အဖွဲ့အစည်းတွေ အနေနဲ့  မြေမြှုပ်မိုင်း အသုံးပြုတာ ရပ်တန့်ပေးဖို့နဲ့  လက်ရှိကျန်နေတဲ့ မြေမြှုပ်မိုင်းတွေ၊ မပေါက်ကွဲသေးတဲ့ စစ်လက်နက်ပစ္စည်းတွေကို ရှင်းလင်းပေးကြဖို့လည်း UNICEF အဖွဲ့က ဒီကနေ့ ထပ်မံတောင်းဆိုလိုက်ပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org