စွပ်စွဲမှုအတွက်အပြစ်မရှိကြောင်း သက်တော်စောင့် ချယ်ရီထက် ထွက်ဆို
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ဟာ သူ့မှာ အပြစ်မရှိကြောင်း ရုံးချိန်းမှာ ထွက်ဆိုခဲ့ပါတယ်။
- 2022-02-18
-
-
-
ဒေါ်အောင်ဆန်းစုကြည်ရဲ့ သက်တော်စောင့်အဖြစ် တာဝန်ယူခဲ့တဲ့ ဒုရဲအုပ် ချယ်ရီထက်ဟာ နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ရာဇသတ်ကြီးဥပဒေပုဒ်မ - ၅၀၅ (က) နဲ့ စွဲချက်တင်ခံထားရပြီး အဲဒီစွဲချက်အတွက် သူ့မှာ အပြစ်မရှိကြောင်း မနေ့က ရုံးချိန်းမှာ သူကိုယ်တိုင် ထွက်ဆိုခဲ့တယ်လို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
ဒုရဲအုပ် ချယ်ရီထက်ကို ဖေဖော်ဝါရီလ ၁၇ ရက် မနေ့က နေပြည်တော် အချုပ်ထောင်တွင်း တရားရုံးမှာ ရုံးထုတ်ခဲ့တာဖြစ်ပြီး စွဲချက်တင်ခံရသူအဖြစ်နဲ့ စစ်ဆေးခဲ့တာလည်း ဖြစ်ပါ တယ်။
လာမယ့် ဖေဖော်ဝါရီလ ၂၄ ရက်နေ့ ရုံးချိန်းမှာတော့ စွပ်စွဲခံရသူဘက်က တင်ပြထားတဲ့ သက်သေတချို့ကို စစ်ဆေးဖို့ ရှိနေတယ်လို့ ဆိုပါတယ်။
ဒုရဲအုပ် ချယ်ရီထက်ဟာ ပြီးခဲ့တဲ့ စက်တင်ဘာလက နေပြည်တော်မှာ ဖမ်းဆီးထိန်းသိမ်းခံ ခဲ့ရတာပါ။
သူ့ကို လွှတ်တော်ကိုယ်စားလှယ် ဒေါ်သီရိရတနာနဲ့ ဆက်သွယ်တာ၊ လူမှုကွန်ရက်စာမျက် နှာမှာ “မတရားတာကို မတရားဘူးလို့ မပြောရဲရင် ပါးစပ်ပိတ်ထားပါ။ တရားပါတယ်လို့ တော့ မပြောပါနဲ့”၊ We Love Daw Aung San Su Kyi Page က တင်ထားတဲ့ “လွမ်းလိုက် တာ အမေ” ဆိုတဲ့စာသားကို မျှဝေခဲ့တဲ့ အချက်တွေကြောင့် အရေးယူခဲ့တာလို့ စစ်ကောင်စီ ဘက်က ထုတ်ပြန်ထားပါတယ်။
သူဟာ ပြီးခဲ့တဲ့ ဒီဇင်ဘာလ ၃၀ ရက်နေ့ကလည်း ရဲစည်းကမ်းထိန်းသိမ်းရေး ဥပဒေနဲ့ ထောင်သုံးနှစ် ချမှတ်ခံထားရပြီး အခု ပုဒ်မ - ၅၀၅ (က) အမှုအတွက် ဆက်လက် တရားရင်ဆိုင်နေရတာလို့ တရားရုံးနဲ့ နီးစပ်သူတွေက ပြောပါတယ်။
၂၀၁၅ အထွေထွေရွေးကောက်ပွဲမှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ပါတီ အနိုင်ရ ပြီးနောက် ပါတီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နိုင်ငံတော်အကြီးအကဲအဖြစ် တာဝန်ယူချိန်မှာ သူ့အတွက် သက်တော်စောင့် ရဲတပ်ဖွဲ့ကို ပြည်ထဲရေးဌာနက ခန့်အပ်ထားခဲ့တာဖြစ်ပါတယ်။
ဒုရဲအုပ် ချယ်ရီထက်ဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ အနီးကပ်ဆုံးနေခဲ့သူဖြစ်ပြီး နိုင်ငံတော် အဆင့် ပြည်တွင်း၊ ပြည်ပခရီးစဉ်တွေမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဘေးကနေ အမြဲလိုက် ပါခွင့်ရခဲ့သူ ဖြစ်ပါတယ်။