ချောင်းဆုံတံတား အမည် ပြန်ပေးရေးအတွက် လက်မှတ် ၇ သောင်းကျော် ရရှိထား

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ ကို ဆက်သွယ်ထားတဲ့ တံတားနာမည်ကို သံလွင်တံတား( ချောင်းဆုံ) ဆိုတဲ့ မူလနာမည်ပြန်ပေးရေး အတွက် တောင်းဆိုဖို့ လက်မှတ်ကောက်ခံရာမှာ ဒီကနေ့ အထိ လက်မှတ်ပေါင်း ၇ သောင်းလောက်ရထားတယ်လို့ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လှုပ်ရှားမှုကော်မတီ ကနေ သိရပါတယ်။

ချောင်းဆုံတံတားအမည်ကို မူလနာမည်ပြန်ပေးရေးအတွက် တောင်းဆိုဖို့ ဧပြီလ ၂၄ ရက်နေ့က လက်မှတ်ကောက်ခံနေစဉ် Photo: မင်းအောင်မွန်

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံမြို့ကို ဆက်သွယ်ထားတဲ့ တံတားနာမည်ကို သံလွင်တံတား( ချောင်းဆုံ) ဆိုတဲ့ မူလနာမည်ပြန်ပေးရေး အတွက် တောင်းဆိုဖို့ လက်မှတ်ကောက်ခံရာမှာ ဒီကနေ့အထိ လက်မှတ်ပေါင်း ၇ သောင်းလောက်ရထားတယ်လို့ သံလွင်တံတား (ချောင်းဆုံ) ဆိုင်ရာ လှုပ်ရှားမှု ကော်မတီကနေ သိရပါတယ်။

ဒေသခံတွေရဲ့ သဘောထားကို ဖော်ပြတဲ့အနေနဲ့ လက်မှတ်တွေ ကောက်ယူနေတာဖြစ်ပြီး ဒေသခံတွေဆန္ဒအတိုင်း လိုက်လျောဖို့ဆုံးဖြတ်ချက်ဟာ သက်ဆိုင်ရာ အစိုးရပေါ်မှာသာ မူတည်တယ်လို့ သံလွင်တံတား(ချောင်းဆုံ)ဆိုင်ရာ လှုပ်ရှားမှု ကော်မတီဝင် မင်းအောင်မွန် က ပြောပါတယ်။

"၁၃ ရက်နေ့ကစပြီး ၂၅ ရက်နေ့မှာ ပိတ်မလို့ စဉ်းစားထားတယ်ပေါ့လေ။ စုပေါင်းလက်မှတ်ထိုးပွဲဆိုပြီး ကျနော်တို့ လုပ်ထားတာရှိတယ်လေ။ ကျိုက်မရောလုပ်ထား တယ်။ သံဖြူဇရပ်လုပ်ထားတယ် မနေ့က ။ ဒီနေ့ကတော့ ဘီလူးကျွန်းမှာလုပ်ထားတယ်။ ချောင်းဆုံပေါ့။ စုပေါင်းလက်မှတ် ထိုးပွဲပေါ့နော်။ ဒီညနေမှာကျတော့ မော်လမြိုင်မှာ လုပ်ဖို့ပေါ့လေ။ ဒေသခံတွေရဲ့ အသံကို ကျွန်တော်တို့ တင်ပြသွားတာပေါ့လေ။ အကျိုးရလဒ်က သက်ဆိုင်ရာအာဏာပိုင်မှာပဲ ရှိတဲ့အတွက်ကြောင့် သက်ဆိုင်ရာ အာဏာပိုင်က ဘယ်လိုစဉ်းစားမလဲပေ့ါလေ"

လက်မှတ်တွေကို ဧပြီ ၁၃ ရက်နေ့ကနေစပြီး မနက်ဖြန် ဧပြီ ၂၅ ရက်နေ့အထိ ကောက်ယူသွား မှာဖြစ်ပြီး မွန်ပြည်နယ်မှာရှိတဲ့ မြို့နယ် ၁၀ ခုအပြင် ကရင်ပြည်နယ်၊ တနင်္သာရီတိုင်း၊ ပဲခူးတိုင်းနဲ့ ရန်ကုန်တိုင်းတွေမှာရှိတဲ့ မွန်တိုင်းရင်းသားတွေဆီကပါ လက်မှတ်တွေ ကောက်ယူနေတာဖြစ်ပါတယ်။

ရရှိလာတဲ့ လက်မှတ်တွေကို ဧပြီ ၂၇ ရက်နေ့မှာ ပြည်ထောင်စု တိုင်းရင်းသားရေးရာဝန်ကြီးဆီကို ပေးပို့ပြီး တံတားကို မူလနာမည် ပြန်ပေးဖို့အတွက် တောင်းဆို သွားမှာဖြစ်ပါတယ်။

မွန်ပြည်နယ် မော်လမြိုင်မြို့နဲ့ ချောင်းဆုံ မြို့နယ်ကို ဆက်သွယ်ထားတဲ့ အဲဒီ တံတားကို အရင်အစိုးရ လက်ထက်ကတည်းက စတင် ဆောက်လုပ် ခဲ့တာ ဖြစ်ပါတယ်။

စတင် ဆောက်လုပ်ချိန်တုန်းက သံလွင်တံတား ( ချောင်းဆုံ) နာမည်နဲ့ ဆောက်လုပ်ခဲ့တာဖြစ်ပြီး လက်ရှိအစိုးရလက်ထက်မှာ ဗိုလ်ချုပ်အောင်ဆန်းတံတားဆိုပြီး နာမည်ပေးဖို့ ပြည်သူ့လွှတ်တော်မှာ အတည်ပြုခဲ့တာကြောင့် ဒေသခံမွန်တိုင်းရင်းသားတွေ သောင်းနဲ့ချီပြီး ကန့်ကွက်ဆန္ဒပြခဲ့ကြပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org