CDM ကျန်းမာရေးဝန်ထမ်းတွေနဲ့ နမ္မတူဆေးရုံကို ပြန်ဖွင့်

ကျွမ်းကျင် CDM ဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၈ ဦးနဲ့ နမ္မတူဆေးရုံကို လည်ပတ်နေတာပါ။

နမ္မတူမြို့ရှိ ပြည်သူ့ဆေးရုံကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်သည့် ကျန်းမာရေးဝန်ထမ်းများနှင့် ပြန်ဖွင့်လှစ်ထားသည်ကို TNLA က ၂၀၂၄ ခုနှစ် မတ်လ ၁၆ ရက်နေ့တွင် ထုတ်ပြန်ထားစဉ်။ PSLF/TNLA - သတင်းနှင့် ပြန်ကြားရေးဌာန

စစ်ကောင်စီတပ်ဆီကနေ တိုက်ခိုက်သိမ်းယူထားတဲ့ နမ္မတူမြို့က ပြည်သူ့ဆေးရုံကို အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာ ပါဝင်တဲ့ ကျန်းမာရေးဝန်ထမ်းတွေနဲ့ ပြန်ဖွင့်လှစ်ထားပြီလို့ တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က မတ်လ ၁၆ ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ကျွမ်းကျင် CDM ဆရာဝန်ကြီးတွေအပါအဝင် ကျန်းမာရေးဝန်ထမ်းစုစုပေါင်း ၁၈ ဦးနဲ့ နမ္မတူဆေးရုံကို လည်ပတ်နေတာပါ။

လက်ရှိ နမ္မတူပြည်သူ့ဆေးရုံမှာ လိုအပ်ချက်တချိုနဲ့ ဝန်ထမ်းအင်အား လုံလောက်မှုမရှိသေးပေမယ့် ပြည်သူတွေကို ၂၄ နာရီ ကျန်းမာရေးဝန်ဆောင်မှုပေးနိုင်ဖို့ ဆောင်ရွက်နေတယ်လို့ TNLA ကျန်းမာရေးဌာန တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“အစပဲ ရှိသေးတာဆိုတော့ လိုအပ်ချက်တွေက ရှိပါတယ်၊ ဒါပေမဲ့ ပြည်သူတွေရဲ့ ကျန်းမာရေးလိုအပ်ချက်တွေကို အချိန်မရွေး အကောင်းဆုံး ဝန်ဆောင်မှုပေးဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်”

ဒေသခံတွေကို ကျန်းမာရေးဝန်ဆောင်မှု အပြည့်အဝပေးနိုင်ဖို့ ဒေသအသီးသီးက CDM ကျန်းမာရေးဝန်ထမ်းတွေကို ဖိတ်ခေါ်သွားမယ်လို့ TNLA ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

TNLA အပါအဝင် မြောက်ပိုင်းသုံးဖွဲ့ဟာ ၂၀၂၃ ခုနှစ် အောက်တိုဘာလ ၂၇ ရက်မှာ ၁၀၂၇ စစ်ဆင်ရေး ကြေညာပြီးနောက် ရှမ်းပြည်နယ်မြောက်ပိုင်းက စစ်ကောင်စီတပ်စခန်းတွေနဲ့ မြို့တွေကို တိုက်ခိုက်သိမ်းယူခဲ့တာပါ။

နမ္မတူမြို့ကို တော့ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၈ ရက်မှာ TNLA က သိမ်းယူခဲ့ပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org