ရှစ်လအတွင်း CDM ၁၆၀၀ ကျော် ကူညီထောက်ပံ့ခဲ့ကြောင်း CRPH ထုတ်ပြန်
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၃ ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရှစ်လအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူ ၁၆၀၀ ကျော်ကို ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
-
RFA Burmese
2023-09-12 -
-
-
ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ (CRPH) က ၂၀၂၃ ဇန်နဝါရီလကနေ ဩဂုတ်လအထိ ရှစ်လအတွင်း အကြမ်းမဖက် အာဏာဖီဆန်ရေးလှုပ်ရှားမှု (CDM) မှာပါဝင်သူ ၁၆၀၀ ကျော်ကို ကူညီထောက်ပံ့နိုင်ခဲ့တယ်လို့ စက်တင်ဘာလ ၁၂ ရက်နေ့က ထုတ်ပြန်ထားပါတယ်။
ကျန်းမာရေး၊ မီးဖွားစရိတ်၊ စားဝတ်နေရေးနဲ့ နေအိမ်ရွှေ့ပြောင်းတာ၊ နေအိမ်မီးရှို့ခံရတာ၊ ဖမ်းဆီးခံရတာနဲ့ ကွယ်လွန်တာ စတဲ့အရေးကိစ္စ ကြုံနေသူတွေကို ထောက်ပံ့ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။
ဝန်ကြီးဌာနကတစ်ဆင့် လစဉ်ရိက္ခာနဲ့ အရေးပေါ်ငွေကြေးထောက်ပံ့တာတွေ ရရှိတယ်လို့ သယံဇာတနဲ့ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနက အမည်မဖော်လိုတဲ့ CDM ဝန်ထမ်းတစ်ဦးက ပြောပါတယ်။
" NUG ကနေတော့ လစဉ် ရိက္ခာထောက်ပံ့တာရပါတယ်၊ ဆန်တို့ ဆီတို့၊ တခြားအခြောက်အခြမ်းလေးတွေ လစဉ်ရတယ်၊ ငွေရေးကြေးရေးကတော့ ကိုယ်ခက်ခဲတဲ့အချိန် တင်ပြရင်တော့ ရတဲ့အချိန်ရှိတယ်၊ ပုံမှန်တော့ မရှိဘူး၊ အရေးပေါ် ကျန်းမာရေးကိစ္စ၊ အခြား မတော်တဆဖြစ်တာမျိုးတို့၊ နေအိမ်တွေ မီးလောင်တာတို့ ဘာတို့ဆိုရင် ပိုက်ဆံလည်းအများကြီးမရှိတော့ ဝန်ထမ်းတွေအများကြီးထဲက အလိုအပ်ဆုံးလူတွေကို ထောက်ပံ့တာ တွေ့ရတယ် "
CDM ဝန်ထမ်းတွေကို အဖွဲ့အစည်းတွေနဲ့ချိတ်ဆက်ပြီး အသက်မွေးဝမ်းကျောင်းသင်တန်းပေးတာ၊ အရင်းအနှီးထုတ်ပေးတာတွေ ရှိတယ်လို့လည်း သူကပြောပါတယ်။
လက်ရှိမှာ CDM သုံးသိန်းကျော်ရှိတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန၊ ဒုဝန်ကြီးဦးကျော်နီ က RFA ကို ၂၀၂၃ ခုနှစ် ဧပြီလက ပြောထားပါတယ်။