ကျောင်းဆရာအပါအဝင် လူငါးဦးကို အကြမ်းဖက်ဥပဒေနဲ့ အမှုဖွင့်
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာကနေ ဖမ်းဆီးခံရတဲ့ မူလတန်းပြဆရာတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ငါးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဘူးသီးတောင် မြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
-
2019-08-13 -
-
-
Your browser doesn’t support HTML5 audio
ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာကနေ ဖမ်းဆီးခံရတဲ့ မူလတန်းပြဆရာတစ်ဦး၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦး အပါအဝင် ငါးဦးကို အကြမ်းဖက်မှု တိုက်ဖျက်ရေးဥပဒေနဲ့ ဘူးသီးတောင် မြို့နယ်တရားရုံးမှာ ဒီနေ့ရုံးထုတ်ရမန်ယူခဲ့ပါတယ်။
ဘူးသီးတောင်မြို့နယ် ကျောက်ရံကျေးရွာမှာ တာဝန်ကျနေတဲ့ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်အပါအဝင် ငါးဦးကို ပြီးခဲ့တဲ့ သြဂုတ်လ ၉ ရက်နေ့မှာ တပ်မတော်စစ်ကြောင်းတစ်ခုက ဖမ်းဆီးခဲ့တာပါ။
သူတို့ငါးဦးကို အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (က) နဲ့ အမှုဖွင့်ပြီး ဘူးသီးတောင်မြို့နယ် တရားရုံးမှာ ဒီနေ့ရုံးထုတ်ရမန်ယူခဲ့တယ်လို့ မိသားစုဝင်တွေနဲ့ ဒေသခံလွှတ်တော်ကိုယ်စားလှယ်တွေက ပြောပါတယ်။
၂ဝ၁၄ ခုနှစ် ဇွန်လက ပြဋ္ဌာန်းခဲ့တဲ့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅ဝ (က) ဟာ ထောင်ဒဏ် ၁ဝ နှစ်ကနေ ထောင်ဒဏ်တစ်သက်တစ်ကျွန်းအထိ ချမှတ်နိုင်တဲ့ပုဒ်မ ဖြစ်ပါတယ်။
ပြီးခဲ့တဲ့ သြဂုတ်လ ၅ ရက်နေ့ကလည်း ကြာညိုပြင်ကျေးရွာက စစ်ဘေးဒုက္ခသည်တွေကို စာသင်ပေးနေတဲ့ မူလတန်းပြဆရာ ဦးနေဇော်လင်းကို ဖမ်းဆီးပြီး အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ထားပါတယ်။
ဒီနေ့ ဘူးသီးတောင်မြို့နယ်တရားရုံးမှာ ရုံးထုတ်ရမန်ယူခဲ့တဲ့ မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းဟာ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်ခံရတဲ့ ဒုတိယမြောက် ကျောင်းဆရာတစ်ဦး ဖြစ်ပါတယ်။
ဦးနိုင်အောင်ထွန်းရဲ့ဖခင် ဦးဘသန်းမောင်က… ဒီနေ့ရုံးထုတ်ရာမှာ သားဖြစ်သူရဲ့မျက်နှာမှာ ရိုက်နှက်ထားတဲ့ ဒဏ်ရာတွေ တွေ့ရတယ်လို့ပြောပါတယ်။
“သူတို့နဲ့မတွေ့ရဘူး။ သူတို့နဲ့မတွေ့ရတဲ့အချိန်မှာ ကားပေါ်ကိုလှမ်းကြည့်လိုက်တော့ ဒဏ်ရာဒဏ်ချက်တွေ မျက်နှာမှာ အများကြီးမြင်ရတယ်။ မျက်နှာကတော့ ရောင်တက်နေတာပဲ။ ညှဉ်းပမ်းနှိပ်စက် ထားတာလို့ပဲထင်ပါတယ်”
ဒီနေ့တရားရုံးချိန်းမှာ သားဖြစ်သူကိုတွေ့ဖို့ ကြိုးစားခဲ့ပေမယ့် ရဲအရာရှိတွေက တွေ့ခွင့်မပေးခဲ့ဘူးလို့ ဦးဘသန်းမောင်က ပြောပါတယ်။
မူလတန်းပြဆရာရဲ့ မျက်နှာမှာ ရိုက်နှက်ခံထားရတဲ့ ဒဏ်ရာတွေ ဘာကြောင့်ရှိနေရသလဲလို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကို RFA ကမေးမြန်းရာမှာ… ဒီကိစ္စကို သူမသိဘူးလို့ပြောပါတယ်။
“အဲဒါတော့ ကျွန်တော်လည်းမသိပါဘူးခင်ဗျ။ ကျွန်တော်တို့အနေနဲ့လည်း ဒီလို ဖမ်းဆီးစစ်ဆေးတဲ့အခါမှာ တရားဥပဒေအတိုင်းပဲ ဆောင်ရွက်တယ်။ စစ်ဆေးဖော်ထုတ်ချက်တွေအရ အမှုဖွင့်ရမယ့်ဟာတွေအတွက် အမှုဖွင့်ဖို့ ဒီလို တရားဥပဒေအတိုင်း ဆောင်ရွက်ဖို့ကိုပဲ ညွှန်ကြားထားပါတယ်”
တပ်မတော်ကာကွယ်ရေးဦးစီးချုပ်ရုံးက မနေ့ကထုတ်ပြန်ချက်တစ်ခုမှာ… ကျောက်ရံကျေးရွာက မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်း၊ ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစံမောင်၊ တံငါလုပ်ငန်းလုပ်ကိုင်သူ ကျော်သူစိုး တို့ကို သြဂုတ်လ ၉ ရက်နေ့က မသင်္ကာလို့ ဖမ်းဆီးစစ်ဆေးခဲ့ရာမှာ AA အဖွဲ့နဲ့ အပြန်အလှန် ဆက်သွယ်ထားတဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ ပါရှိပါတယ်။
တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက… AA အဖွဲ့နဲ့ဆက်သွယ်ခဲ့တဲ့ ခိုင်လုံတဲ့ အထောက်အထားတွေ တွေ့ရလို့ အကြမ်းဖက်မှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်တာလို့ ပြောပါတယ်။
ရက္ခိုင့်တပ်တော် (AA) ရဲ့ပြောခွင့်ရသူ ခိုင်သုခကတော့… သူတို့ဟာ AA အဖွဲ့နဲ့ပတ်သက်မှု လုံးဝမရှိဘူးလို့ ပြောပါတယ်။
“ဒီဟာကတော့ လုံးဝမဟုတ်ဘူးဗျ။ သူတို့က ကျွန်တော်တို့အဖွဲ့ဝင်တွေလည်း မဟုတ်ဘူး။ သူက ကျောင်းဆရာဆိုမှတော့ ဘယ်လိုလုပ် ကျွန်တော်တို့အဖွဲ့ဝင် ဖြစ်မှာလဲ။ သူက နေ့တိုင်းနေပြီးတော့ သူ့ကျောင်းသူသွားပြီးတော့ စာပြနေတဲ့ဥစ္စာ။ ဆိုတော့ အခုက ဒီလိုဗျ။ ဗမာစစ်တပ်ဘက်ကနေပြီးတော့ ရခိုင်တွေ့သမျှကို လူမျိုးရေးအရ ဒါ… အငြိုးအတေးတွေနဲ့ မတရား ဖမ်းဆီးနှိပ်စက် ဥပဒေမဲ့သတ်ဖြတ်မှုတွေ လုပ်နေတာ”
ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးသန်းဖေက… မူလတန်းပြဆရာ ဦးနိုင်အောင်ထွန်းကို ဖမ်းဆီးတဲ့ကိစ္စနဲ့ ပတ်သက်လို့ ဒီနေ့အထိ ပညာရေးမှူးရုံးကို တရားဝင်အကြောင်းကြားလာတာ မရှိသေးဘူးလို့ ပြောပါတယ်။
အခုလို သက်ဆိုင်ရာ ဌာနအကြီးအကဲတွေကို တစ်စုံတစ်ရာအသိမပေးဘဲ ဖမ်းဆီးခံရတာကြောင့် တခြား ပညာရေးဝန်ထမ်းတွေလည်း အလုပ်ကနေ နှုတ်ထွက်မယ်ဆိုတဲ့ သတင်းတွေ ကြားနေရတယ်လို့ ဘူးသီးတောင်မြို့နယ် ပညာရေးမှူး ဦးသန်းဖေက ပြောပါတယ်။
“ဥပမာ မူးယစ်ဆေးမှု ဘာညာသာရကာ ရှိဖူးတယ်။ တစ်ချို့ဆိုလည်း ပြစ်မှုအနည်းငယ်ပေါ့။ အဲဒါလေးတွေ ကျတော့ ကျွန်တော်တို့ကို ရဲက တိုက်ရိုက်လာလာပြီးတော့၊ တိုက်ရိုက် ရုံးစာဝင်ပြီးတော့မှ သူတို့ကဖမ်းတယ်။ အမှုစွဲတာတွေ လုပ်တယ်။ အခုကျတော့ ကျွန်တော်တို့ကို အဲဒီအဆင့်တွေမလုပ်ဘူး။ ဌာနဆိုင်ရာ အကြီးအကဲတစ်ယောက်အနေနဲ့ ကျွန်တော်တို့ဆီ မေးလာသူတွေကို ကျွန်တော်လည်း မဖြေနိုင်၊ ကျွန်တော်တို့က အထက်ကို အစီရင်မခံနိုင်၊ ဘာလုပ်လို့ဘာလုပ်မှန်းမသိ။ ဘယ်သွားလို့ ဘာဖြစ်နေမှန်းမသိတဲ့အခါ ကျန်တဲ့ဝန်ထမ်းတွေလည်းပဲ လုံခြုံမှု မရှိသလိုပေါ့နော်။ သူတို့လည်း ဘယ်တော့ဖြစ်လာမလဲ၊ တစ်ချို့လည်း အလုပ်ထွက်မယ်၊ အဲဒီလိုသတင်းတွေ ထွက်နေတာလည်း ရှိတယ်”
တပ်မတော် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ဗိုလ်မှူးချုပ်ဇော်မင်းထွန်းကတော့ သောင်းကျန်းသူ အဖွဲ့အစည်းနဲ့ ဆက်စပ်နေသူတွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာလူကြီးတွေကို ကြိုတင်အသိမပေးဘဲ ဖမ်းဆီးခွင့် ရှိတယ်လို့ တုံ့ပြန်ပြောပါတယ်။
ဖမ်းဆီးခံထားရသူတွေ အတွက် စိုးရိမ်မိတယ်လို့ ဘူးသီးတောင်မြို့နယ်က ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအောင်သောင်းရွှေက ပြောပါတယ်။
“စစ်ကြောရေးမှာ လက်လွန်ခြေလွန် ဖြစ်သွားမှာကို ကျွန်တော်တို့ စိုးရိမ်တာပေါ့နော်။ တခြားမြို့နယ်တွေမှာလည်း အဲဒီလို အသံတွေကြားနေရတာပဲ။ လူ့အခွင့်အရေးနဲ့အညီ ပေါ့နော်၊ တရားဥပဒေနဲ့အညီ ဖြစ်စေချင်တယ်ပေါ့နော် ကျွန်တော်တို့အနေနဲ့”
ဒီနေ့ ရုံးထုတ်ရမန်ယူခဲ့သူ ငါးဦးကို လာမယ့် သြဂုတ်လ ၂၇ ရက်နေ့ကို ထပ်မံချိန်းဆိုလိုက်တယ်လို့ သိရပါတယ်။
ရခိုင်ပြည်နယ်မှာ ပြီးခဲ့တဲ့ ဒီဇင်ဘာလကနေ အခုလဆန်းပိုင်းအထိ နှစ်ဘက်တိုက်ပွဲတွေအတွင်း AA အဖွဲ့ဝင်လို့ သံသယရှိသူ ၉ဝ ဦးကို တပ်မတော်က ဖမ်းဆီးစစ်ဆေးခဲ့ပြီး၊ လက်ရှိစစ်ဆေးနေဆဲ ၃၆ ဦး၊ ပြန်လွှတ်ပေးခဲ့သူ ရှစ်ဦး၊ အမှုဖွင့်ထားသူ ၄၅ ဦးရှိတယ်လို့ တပ်မတော်က ဇွန်လအတွင်း သတင်းစာရှင်းလင်းပွဲမှာ ထုတ်ပြန်ထားပါတယ်။
ဒီနောက်ပိုင်းမှာ ထပ်မံဖမ်းဆီးခံရ၊ တရားစွဲဆိုခံရတာတွေ ရှိနေပေမယ့် အရေအတွက် အသေးစိတ်ကိုတော့ အတည်ပြုနိုင်ခြင်း မရှိသေးပါဘူး။
(RFA သတင်းထောက် ကိုမင်းသိန်းအောင် ပေးပို့သည်)