မြန်မာစစ်တပ်အတွက် ရုရှားက သံချပ်ကာကားတွေ ပေးပို့ခဲ့ကြောင်း Myanmar Witness အဖွဲ့ထုတ်ပြန်

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ CAPTAIN YAKUBOVICH သင်္ဘောဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ရောက်လာပြီး သံချပ်ကာကားတွေ ချပေးခဲ့တာလို့ ဆိုပါတယ်။

Myanmar Witness အဖွဲ့က ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်သော မြန်မာစစ်တပ်အတွက် ရုရှားက သံချပ်ကာကားတွေ ပေးပို့ခဲ့သည့် ဂြိုဟ်တုဓာတ်ပုံ အထောက်အထားများ။

မြန်မာစစ်တပ်အတွက် ရုရှားနိုင်ငံထုတ် သံချပ်ကာကားတွေကို သီလဝါဆိပ်ကမ်းမှာ လာရောက်ပို့‌ဆောင်သွားတယ်လို့ Myanmar Witness အဖွဲ့က ဂြိုဟ်တုဓာတ်ပုံ အထောက်အထားတွေနဲ့ အတူ ဇန်နဝါရီလ ၂၆ ရက်နေ့က ထုတ်ပြန်လိုက်ပါတယ်။

ပြီးခဲ့တဲ့ ဒီဇင်ဘာလကုန်ပိုင်းမှာ ရုရှားနိုင်ငံ ဗလာဒီဗော့စတော့ (Vladivostok) ဆိပ်ကမ်းကနေ ထွက်ခွာလာတဲ့ CAPTAIN YAKUBOVICH သင်္ဘောဟာ ရန်ကုန် သီလဝါဆိပ်ကမ်းကို ဇန်နဝါရီလ ၂၄ ရက်နေ့ မနက်အစောပိုင်းမှာ ရောက်လာပြီး သံချပ်ကာကားတွေ ချပေးခဲ့တာလို့ ဆိုပါတယ်။ သင်္ဘောပေါ်မှာပါလာတဲ့ စစ်ဘက်ဆိုင်ရာယာဉ်တွေထဲက တချို့ဟာ BRDM-2M အမျိုးအစား ကင်းလှည့်သံချပ်ကာယာဉ်တွေ ဖြစ်တယ်လို့လည်း ပြောပါတယ်။

ရုရှားနဲ့ မြန်မာကြားမှာ ၂၀၁၉ ခုနှစ်က လက်နက်ကုန်သွယ်မှု မှတ်ပုံတင် သဘောတူထားချက်တွေထဲမှာ BRDM-2M သံချပ်ကာယာဉ်တွေ ပါဝင်တဲ့သဘောတူညီမှုရှိခဲ့တယ်လို့ Myanmar Witness ရဲ့ တွေ့ရှိချက်မှာပြောထားပါတယ်။

ဒါ့အပြင် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမနက်ပိုင်းက နေပြည်တော်လွှတ်တော်နားတဝိုက်မှာ တွေ့ရတဲ့ စစ်ကောင်စီသုံးယာဉ်တွေထဲမှာ BRDM-2M သံချပ်ကာ ကင်းထောက်ကင်းလှည့်ယာဉ်တွေလည်း ပါဝင်ခဲ့တယ်လို့ ဆိုပါတယ်။

ပြည်တွင်းမှာ ပိတ်ပင်ခံထားရတဲ့ ခေတ်သစ်သတင်းဌာနကလည်း… အဲ့ဒီရုရှားသင်္ဘောပေါ်ကနေ တင့်ကား ၂၃ စီး၊ အမြောက်နဲ့ လက်နက်ခဲယမ်းတွေပါတဲ့ ပေ ၄၀ ကွန်တိန်နာ ၇ လုံး၊ စုစုပေါင်း အလေးချိန် ၂၈၂ တန် လာရောက်ချသွားခဲ့ကြောင်း နေပြည်တော် စစ်ဘက်ဆိုင်ရာ သတင်းရပ်ကွက်ကို ကိုးကားပြီး ရေးသားထားပါတယ်။ ဒီသတင်းနဲ့ပတ်သက်လို့ RFA အနေနဲ့ သီးခြားအတည်မပြုနိုင်သေးသလို စစ်ကောင်စီဘက်က တုံ့ပြန်ချက်ကိုလည်း မရသေးပါဘူး။

Myanmar Witness အဖွဲ့ဟာ မြန်မာစစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက်မှု အထောက်အထားတွေကို စုဆောင်းပြီး နိုင်ငံတကာကို တင်ပြနေတဲ့ အဖွဲ့တစ်ဖွဲ့ ဖြစ်ပါတယ်။


2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org