ဒေါ်အောင်ဆန်းစုကြည်အကျယ်ချုပ် ဗြိတိသျှဝန်ကြီးချုပ် လက်မခံနိုင်
ဒေါ်အောင်ဆန်းစုကြည်ကို ထိန်းသိမ်းထားနေဆဲ ကိစ္စ လက်မခံနိုင်စရာဖြစ်ပြီး မြန်မာအရေးကိစ္စဟာ ဗြိတိန်အတွက် အရေးကြီးတဲ့ ကိစ္စရပ်တခု ဖြစ်ကြောင်း ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ် ကင်မရွန်းက ပြောကြားလိုက်ပါတယ်။
-
2010-09-16 -
-
-
မြန်မာ၊ အီရန် စတဲ့ နိုင်ငံတွေ အရေးကိစ္စတွေမှာ သက်ဆိုင်ရာ အစိုးရတွေကို တိုက်ရိုက် ဖိအားပေး ပြောဆိုတာမျိုးတင်မကပဲ မိမိတို့နဲ့ အိမ်နီးချင်းနိုင်ငံတွေကိုပါ ဆွေးနွေးတာရှိကြောင်း မနေ့က ကျင်းပတဲ့ ဗြိတိသျှပါလီမန် ဆွေးနွေးပွဲတခုမှာ ဗြိတိန်ဝန်ကြီးချုပ် မစ္စတာကင်မရွန်းက ပြောပါတယ်။
မကြာခင်က အိန္ဒိယခရီးစဉ်မှာ မြန်မာနိုင်ငံအရေးနဲ့ ပတ်သက်လို့ အိန္ဒိယအစိုးရနဲ့ ဆွေးနွေးခဲ့တာ ရှိကြောင်း၊ မြန်မာနိုင်ငံ အပေါ်မှာ အနောက်နိုင်ငံတွေ နည်းတူ ဖိအားပေး တောင်းဆိုဖို့ဟာ အရေးကြီးတဲ့ လုပ်ငန်းတခုအဖြစ် ခံယူကြောင်း၊ ဗြိတိန်ဝန်ကြီးချုပ်က ပြောသွားပါတယ်။
ဗြိတိန်ပါလီမန်အတွင်း အပတ်စဉ် ပါလီမန် အမတ်တွေနဲ့ နာရီဝက်ကြာ ဆွေးနွေးရာမှာ မြန်မာနိုင်ငံနဲ့ အီရန်နိုင်ငံတွေက လူ့အခွင့်အရေး ချိုးဖောက်မှုတွေနဲ့ ပတ်သက်လို့ Walsall တောင်ပိုင်းပြည်နယ်က အမတ် မစ္စဗဲလာရီ ဗက်ဇ် က မေးမြန်းခဲ့တာကို ဗြိတိန်ဝန်ကြီးချုပ်က အခုလို ပြောကြားတာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံက လူ့အခွင့်အရေး ချိုးဖောက်မှုတွေဟာ လူသားထုတရပ်လုံးအပေါ် ကျူးလွန်ရာရောက်နေတာဟာ ထင်ရှားကြောင်း၊ အခုချိန်အထိ ဒေါ်အောင်ဆန်းစုကြည်အပေါ် ဖမ်းဆီး ထိန်းသိမ်းထားတာဟာ လက်မခံနိုင်စရာ ဖြစ်ကြောင်း၊ ဒီမိုကရေစီ၊ နိုင်ငံ့အရေး အတွက် မိမိတို့ ပေးဆပ်ကြရ စွန့်လွှတ်ကြရတာဟာ ဒေါ်အောင်ဆန်းစုကြည်တို့လို ပုဂ္ဂိုလ်မျိုးတွေနဲ့ ယှဉ်ရင် ဘာမှမဟုတ်ကြောင်း၊ သူတို့ကို တကမ္ဘာလုံးက လေးစား အားကျရသူတွေ ဖြစ်ပြီး မိမိတို့အနေနဲ့ တသားတည်း ရပ်တည်ကြောင်းလည်း ဗြိတိသျှဝန်ကြီးချုပ်က ပြောကြားခဲ့ပါတယ်။
ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ် ချထားတဲ့ အမှုနဲ့ ပတ်သက်ပြီး ရှေ့နေအဖွဲ့က ဥပဒေနဲ့ မညီတဲ့ လုပ်တရပ်တခုအဖြစ် နောက်ဆုံး အထူးအယူခံ တင်ထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး ရှေ့နေ ဦးဉာဏ်ဝင်းကို ပြည်ထဲရေးဝန်ကြီးဌာနက ဒီကနေ့ စက်တင်ဘာ ၁၆ ရက်မှာ ခေါ်ယူတွေ့ဆုံခဲ့တယ်လို့ သတင်း ရရှိပါတယ်။
ဒီကိစ္စ နဲ့ ပတ်သက်ပြီး ရှေ့နေကြီး ဦးဉာဏ်ဝင်းကို RFA က ဆက်သွယ်မေးမြန်းကြည့်တဲ့အခါ ဒေါ်အောင်ဆန်းစုကြည် အမှုကိစ္စအတွက် ဖြစ်တယ်လို့ ပြောပါတယ်။
နေအိမ်အကျယ်ချုပ် ကျခံနေရတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ အတူနေ ဒေါ်ခင်ခင်ဝင်း၊ ဒေါ်ဝင်းမမတို့ကို ချမှတ်ထားတဲ့ ပြစ်ဒဏ် ၃ နှစ်အတွက် ရှေ့နေတွေက အယူခံတွေ ပြင်ဆင်မူတွေ အဆင့်ဆင့် တက်လာရာက အခုနောက်ဆုံး အထူးအယူခံ တင်ထားတာနဲ့ပတ်သက်ပြီး ပြောဆိုကြတဲ့အကြောင်း ရှေ့နေကြီး ဦးဉာဏ်ဝင်းက ပြောပါတယ်။