ဗြိတိသျှ အရာရှိများ NLD ဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို တွေ့ဆုံ

NLD ပါတီ ကိုစစ်အစိုးရက ဖျက်သိမ်းတယ်လို့ ကြေညာခဲ့တာနဲ့ ပတ်သက်ပြီး ပါတီရဲ့ ရှေ့လုပ်ငန်းစဉ်ကို ဗြိတိသျှ နိုင်ငံခြားရေး ဝန်ကြီးဌာနနဲ့ ဗြိတိသျှ သံရုံးအရာရှိတွေက ဒီကနေ့ ပါတီဒုတိယ ဥက္ကဋ္ဌ ဦးတင်ဦးကို လာရောက်တွေ့ဆုံပြီး မေးမြန်းတယ်လို သိရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒုတိယ ဥက္ကဋ္ဌ၊ ဗိုလ်ချုပ်ကြီးဟောင်း သူရ ဦးတင်ဦးကို ရန်ကုန်မြို့၊ ဗဟန်းမြို့နယ်၊ ရွှေဂုံတိုင်ရှိ ဌာနချုပ်ရုံးတွင် တွေ့ရပုံ ဖြစ်ပါသည်။(Photo: RFA) RFA

ဒီကနေ့ မွန်းလွဲပိုင်းက ဗြိတိသျှ နိုင်ငံခြားရေးဝန်ကြီးဌာန အာရှပစိဖိတ်ဒေသ ဆိုင်ရာ ဒုတိယ အကြီးအကဲ Karen Maddocke နဲ့ သံရုံးအရာရှိတဦးတို့ ဦးတင်ဦးရဲ့ နေအိမ်ကို လာရောက်ခဲ့တာပါ။ ဦးတင်ဦးနဲ့ အတူ ဦးနိုင်းနိုင်းနဲ့ ဦးဉာဏ်ဝင်းတို့ ရှိနေကြတယ်လို့ သိရပါတယ်။

မေးမြန်းချက်နဲ့ ပတ်သက်ပြီး ဦးတင်ဦးက ခုလို ဖြေကြားခဲ့တယ်လို့ ပြောပါတယ်။

“ကျွန်တော်တို့ကတော့ ပါတီက ဖျက်သိမ်းတယ်ကို မမှတ်ယူဘူး။ ဒါကြောင့်မို့လို့ လုပ်စရာ ကိုင်စရာ ရှိတာကိုလည်းပဲ စည်းကမ်းနည်းလမ်း ဥပဒေဘောင်ထဲက ကျွန်တော်တို့ လုပ်နိုင်တာတွေ ကိုင်နိုင်တာတွေကို နိုင်ငံရေးတော့ ကောက်လုပ်နေတာပဲ၊ ခင်ဗျား မြင်တဲ့အတိုင်းပဲလို့။ အဖွဲ့တွေလည်း နယ်သွားကြ ပြုကြ လုပ်ကြ ကိုင်ကြ။ ဒီလိုပဲ ရှင်းဟယ် လင်းဟယ်၊ မသိတာတွေ မေးရင်လည်း ဒီက ဖြေဟယ်ကြားဟယ်ပေါ့ဗျာလို့။ အဲဒါ လုပ်နေတာပဲလို့။”

“ဒါတင်မကသေးဘူး၊ ကျွန်တော်တို့လည်းပဲ ဒီရှိနေတဲ့ CEC ထဲက လုပ်နိုင်တဲ့ လူငယ်တွေကို ထမ်းမှန်းပြီးတော့ မြေတောင်မြှောက်ပေးရင်းနဲ့ နောက်ထပ် ကျွန်တော်တို့ရဲ့ ဂျင်နရေးရှင်းသစ်ပေါ့ဗျာ။ အဲလို အတွေ့အကြုံရအောင် နယ်တွေ သွားကြ ဆင်းကြ လုပ်နေကြတာပဲလို့။”

လာရောက်တွေ့ဆုံသူကလည်း ဗြိတိန်နိုင်ငံအနေနဲ့ NLD ပါတီ အပေါ် စာနာမှုရှိ ကြောင်း ပံ့ပိုးဆောင်ရွက်စရာ ရှိတာတွေကို ဆက်လက် ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ ပြောဆိုခဲ့တယ်လို့ သိရပါတယ်၊ မနက်ဖြန် စက်တင်ဘာလ ၂၂ ရက်နေ့မှာလည်း အမေရိကန်သံရုံးက လာရောက် တွေ့ဆုံဖို့ ရှိတယ်လို့ စုံစမ်းသိရှိရပါတယ်။

NLD ပါတီ ဒုတိယဥက္ကဋ္ဌ ဦးတင်ဦးဟာ မျက်လုံး ခွဲစိတ်ကုသခံဖို့ စင်ကာပူနိုင်ငံကို စက်တင်ဘာလ ၂၈ ရက်နေ့မှာ သွားရောက်ဖို့ အစီအစဉ်ရှိတယ်လို့ သိရပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org