နှစ်ပတ်အတွင်း မြန်မာလူဦးရေထက်ဝက် ကိုဗစ်ရောဂါ ကူးစက်နိုင်ကြောင်း ဗြိတိန်သတိပေး
လာမယ့်နှစ်ပတ်အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက် ကိုဗစ်-ရောဂါပိုး ကူးစက်ခံရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က သတိပေးပြောကြားလိုက်ပါတယ်။
- 2021-07-29
-
-
-
လာမယ့်နှစ်ပတ်အတွင်း မြန်မာနိုင်ငံ လူဦးရေရဲ့ ထက်ဝက် ကိုဗစ်-ရောဂါပိုး ကူးစက်ခံရနိုင်ဖွယ်ရှိတယ်လို့ ကုလသမဂ္ဂဆိုင်ရာ ဗြိတိန်သံအမတ်ကြီး Barbara Woodward က သတိပေးပြောကြားလိုက်ပါတယ်။
ဇူလိုင်လ ၂၉ ရက် ကြာသပတေးနေ့က နယူးယောက်မြို့ ကုလသမဂ္ဂလုံခြုံရေးကောင်စီမှာ ကျင်းပခဲ့တဲ့ မြန်မာနိုင်ငံ နိုင်ငံရေးနဲ့ ကိုရိုနာဗိုင်းရပ်စ် ကူးစက်မှုပြဿနာအကြောင်း ဆွေးနွေးပွဲမှာ ဗြိတိန်သံအမတ်ကြီးက အခုလို ပြောလိုက်တာဖြစ်ပါတယ်။
အာဏာသိမ်းစစ်ကောင်စီရဲ့ လုပ်ရပ်တွေကြောင့် ကျန်းမာရေးစနစ်တစ်ခုလုံးနီးပါး ယိုယွင်းပျက်စီးသွားပြီး ကျန်းမာရေးဝန်ထမ်းတွေလည်း တိုက်ခိုက်ခံနေရ၊ ဖမ်းဆီးခံနေရတယ်လို့လည်း သူက ပြောပါတယ်။
မြန်မာနိုင်ငံမှာ လူဦးရေး ၅၄ သန်းကျော် ရှိတဲ့အတွက် ဒီနှုန်းနဲ့ ဆက်ပြီး ကူးစက်ပြန့်ပွားနေရင် နှစ်ပတ်အတွင်း လူပေါင်း ၂၅ သန်းကျော်အထိ ကူးစက်သွားနိုင်တယ်လို့ သတိပေးလိုက်တာလည်းဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲကို တက်ရောက်လာတဲ့ ကုလသမဂ္ဂဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော်မိုးထွန်းက .... မြန်မာနိုင်ငံကို ထိရောက်တဲ့ ကိုဗစ်ကာကွယ်ဆေးတွေ ချောချောမောမော ရရှိထိုးနှံနိုင်ဖို့နဲ့ လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ထောက်ပံ့နိုင်ဖို့ နိုင်ငံတကာ အဖွဲ့အစည်းတွေက အနီးကပ်လေ့လာစောင့်ကြည့်ပေးဖို့ လိုအပ်ကြောင်း တိုက်တွန်းခဲ့ပါတယ်။
ဒီလိုစောင့်ကြည့်ပေးဖို့ ကုလသမဂ္ဂက ဦးဆောင်တဲ့ စောင့်ကြည့်ရေးအဖွဲ့တစ်ခုကို အရေးပေါ်ဖွဲ့စည်းပေးဖို့ တောင်းဆိုကြောင်း လည်း ဦးကျော်မိုးထွန်းက ကုလလုံခြုံရေးကောင်စီအစည်းအဝေးမှာ ပြောကြားခဲ့ပါတယ်။
တရုတ်နိုင်ငံက ပေးပို့တဲ့ ကိုဗစ်ကာကွယ်ဆေး နှစ်သန်း ဇူလိုင်လ ၂၂ ရက်နေ့က မြန်မာနိုင်ငံကို ရောက်ရှိခဲ့ပြီး ရိုက်တာ သတင်းဌာနရဲ့ လေ့လာချက်အရ ဒီဆေးအရေအတွက်နဲ့ မြန်မာနိုင်ငံ လူဦးရေရဲ့ ၃.၂ ရာခိုင်နှုန်းကိုပဲ ထိုးနှံပေးနိုင်မှာ ဖြစ်ကြောင်းလည်း ဖော်ပြထားပါတယ်။