ကလေးမှာ ဗုံးပေါက်ကွဲမှုကြောင့် ‌ကလေးတစ်ဦးအပါအ၀င် ‌နှစ်ဦး သေဆုံး

စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကမ္ဘောဇဘဏ် (KBZ) အနီးမှာ မတ် ၁၈ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တာကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် ‌အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်ရှိ KBZ ဘဏ်အနီးမှာ ဗုံးပေါက်ကွဲပြီး ပျက်စီးသွားသည့် ဘေးတွဲဆိုင်ကယ်တစ်စီးကို ၂၀၂၄ ခုနှစ်၊ မတ်လ ၁၈ ရက်နေ့က တွေ့ရစဉ်။ Citizen Journalist

စစ်ကိုင်းတိုင်း၊ ကလေးမြို့၊ စမ်းမြို့ရပ်ကွက်မှာရှိတဲ့ ကမ္ဘောဇဘဏ် (KBZ) အနီးမှာ မတ်လ ၁၈ ရက်နေ့က ဗုံးပေါက်ကွဲခဲ့တာကြောင့် လမ်းသွားလမ်းလာ ကလေးငယ်တစ်ဦး အပါအ၀င် ‌အရပ်သားနှစ်ဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက‌ ပြောပါတယ်။

သေဆုံးသူတွေဟာ အသက် ၅ နှစ်အရွယ် မောင်ဒေးဗစ်ထန်ဆန်ဗန် (David Thang Sian Vann) နဲ့ အသက်အရွယ် သေချာမသိရသေးတဲ့ ဦးထန်ဆွမ်ပေါင် (Pa Thang Suan Pau) တို့ ဖြစ်တယ်လို့ ဆိုပါတယ်။

KBZ ဘဏ်အနီးက တံတားမှာ ထောင်ထားတဲ့ဗုံးကို စစ်ကောင်စီတပ်သားတွေ အဝေးကနေ သေနတ်နဲ့ လှမ်းပစ်ပြီး ဖောက်ခွဲခဲ့တာလို့ ‌လုံခြုံရေးအရ အမည်မဖော်လိုတဲ့ ဒေသခံတစ်ဦးက RFA ကိုပြောပါတယ်။

"မနေ့က တံတားနားမှာ ဗုံးရှိတယ်ဆိုပြီး စစ်ကောင်စီတွေက ရှင်းဖို့လာဝာာ၊ အဝေးမှာနေပြီး သေနတ်နဲ့ လှမ်းပစ်တာ။ သူတို့က လမ်းလည်းမပိတ်ဘဲ လှမ်းဖောက်တာ။ အဲဒီမှာ ဗုံးပေါက်ပြီး ဆိုက်တွဲနဲ့လာတဲ့ လမ်းသွားလမ်းလာနှစ်ဦး သေသွားတာ၊ ပွဲချင်းပြီးပဲ"

အခုပေါက်ကွဲခဲ့တဲ့ဗုံးကို ဘယ်လက်နက်ကိုင်အဖွဲ့က ထောင်ထားတာလဲဆိုတာကိုတော့ မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီပေါက်ကွဲမှုနဲ့ပတ်သက်ပြီး တုံ့ပြန်မှုရဖို့ စစ်ကောင်စီရဲ့ စစ်ကိုင်းတိုင်းပြောခွင့်ရသူ တိုင်းလူမှုရေးဝန်ကြီး ဦးညွန့်၀င်းအောင်ကို RFA က တယ်လီဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ပေမယ့် လက်ခံဖြေဆိုခြင်း မရှိပါဘူး။

မတ်လ ၁၆ ရက်နေ့ကလည်း ကလေးမြို့နယ်၊ ပျဉ်းခုံလေးရွာမှာ စစ်ကောင်စီတပ်ကပစ်လိုက်တဲ့ လက်နက်ကြီးကျည် ကျရောက်ပေါက်ကွဲတာကြောင့် ကလေးငယ်တစ်ဦး အပါအ၀င် အရပ်သားသုံးဦး သေဆုံးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

2025 M Street NW
Washington, DC 20036
+1 (202) 530-4900
burweb@rfa.org