ပဲခူးတိုင်းက ရွာငါးဆယ်ကျော်မှာ ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီ လူစုနေ
ပဲခူးတိုင်းက ကျေးရွာငါးဆယ်ကျော်မှာ ပြည်သူ့စစ်ထဲ မဝင်မနေရစနစ်နဲ့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
-
RFA Burmese
2024-01-14 -
-
-
ပဲခူးတိုင်းက ကျေးရွာငါးဆယ်ကျော်မှာ ပြည်သူ့စစ်ထဲ မဝင်မနေရစနစ်နဲ့ စစ်ကောင်စီက လူစုဆောင်းနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။
တစ်ရွာကို ဆယ်ဦးကနေ ငါးဆယ်အထိ မဲစနစ်နဲ့ခေါ်ယူနေတာလို့ ဆိုပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်း ဘာနက်ကြီး၊ စစ်ပင်ဆိတ်၊ သံစို့ပင်၊ဇောင်းတူ စတဲ့ရွာတွေ အပါအဝင် ရွာနှစ်ဆယ်ကျော်နဲ့ ပဲခူးတိုင်းအနောက်ခြမ်း သာယာဝတီခရိုင်၊ လက်ပံတန်းမြို့နယ်၊ ခမုံဆိပ်ကျေးရွာအုပ်စုက ရွာ ၂၈ ရွာမှာ အသက် ၁၈ နှစ်ကနေ ၆၀ ကြား အရပ်သားတွေကို စုဆောင်းနေတာလို့ ဒေသခံတွေက ပြောပါတယ်။
စစ်ကောင်စီတပ်သားနဲ့ ရွာအုပ်ချုပ်ရေးအဖွဲ့တွေက တစ်အိမ် တစ်ယောက် မဲနှိုက်ခိုင်းပြီး ပေါက်တဲ့သူကို တစ်လစစ်သင်တန်းတက်ဖို့ခေါ်တယ်လို့ ဆိုပါတယ်။
ပြည်သူ့စစ်ထဲမဝင်ရင် ရွာကိုမီးရှို့ဖျက်ဆီးမယ်လို့ ခြိမ်းခြောက်တာတွေရှိသလို မဲပေါက် ပေမယ့် ပြည်သူ့စစ်ထဲ မဝင်ချင်ရင်တော့ ကျပ်ရှစ်သိန်းကနေ ဆယ်သိန်းကြားပေးရတယ်လို့ ပဲခူးတိုင်းအနောက်ခြမ်း ရွာတစ်ရွာက ဒေသခံတစ်ဦးက RFA ကို ပြောပါတယ်။
“သူတို့ (စစ်ကောင်စီ) က တစ်အိမ်ကို တစ်ယောက်ပေးရမယ်။ မပေးနိုင်ဘူးဆိုရင် ရွာကို မီးရှို့မယ်ပေါ့။ ဒီလိုမျိုးကြီးပြောတော့ ပြည်သူတွေကလည်း တောသူတောင်သားတွေ ဆိုတော့ ကြောက်ကြတယ်။ တစ်အိမ်တစ်ယောက်တော့ မပေးနိုင်ဘူး။ ရပ်ရွာလည်း မီးရှို့မခံဘူးဆိုတော့ မဲဖောက်မယ်။ အဲဒါဆို တစ်ရွာကို ဆယ်ယောက်ပေး စကစကလည်း ဒီစကားမျိုးတွေ ပြောတော့ မဲဖောက်ရတာပေါ့ဗျာ။ မဲပေါက်တဲ့သူတွေကလည်း မလိုက်ချင်ကြဘူး။ မလိုက်ချင်တော့ တစ်ဦးကို ရှစ်သိန်းနဲ့ ဆယ်သိန်းကြားပေးပြီး လူငှားထည့်ကြရတာပေါ့”
မဲမပေါက်တဲ့အိမ်တွေအနေနဲ့လည်း တစ်အိမ်ကို ကျပ်တစ်သိန်းစီ ထောက်ပံ့ကြေးပေးဖို့ စစ်ကောင်စီတပ်က တောင်းတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပဲခူးတိုင်းအရှေ့ခြမ်းမှာ ဇန်နဝါရီလ ၁၂ ရက်ကစပြီး တစ်ရွာကို လူငါးဆယ်ပေးဖို့ စစ်ကောင်စီတပ်က တောင်းနေတယ်လို့ ဘုရားကြီး ဒေသခံတစ်ဦးက ပြောပါတယ်။
“ကျွန်တော်တို့ဆီ တောင်းတာတော့ လူ ငါးဆယ်နဲ့ ခြောက်ဆယ်ကြား တစ်ရွာကို။ ကျွန်တော်တို့ ဒီအပိုင်းမှာတော့ ဆယ်ယောက်ရှိတယ် ဆိုပါတော့ မဲနှိုက်တယ် နှစ်ယောက်ပေါက်တယ်ပေါ့ဗျာ။ အဲထဲက နှစ်ယောက် လိုက်သွားရမယ်။ အိမ်မှာ အလုပ်အဆင်ပြေပြေ၊ မပြေပြေ သူတို့ခေါ်တဲ့အချိန် သွားရမယ်။ သင်တန်းတက် ရမယ်ပေါ့။ သင်တန်းတက်ရမယ်လို့သာ ပြောတာပါ။ ပြီးရင် ရှေ့တန်းထွက်ခိုင်းမှာ”
ပြည်သူ့စစ်ထဲဝင်သူတွေကို တစ်လ ကျပ် ၁၂၀၀၀၀ နဲ့ ဆန်တစ်အိတ်ပေးမယ်လို့ပြောပြီး စစ်ကောင်စီတပ်က စည်းရုံးနေတာပါ။
ဒါနဲ့ပတ်သက်လို့ စစ်ကောင်စီရဲ့ ပဲခူးတိုင်း ပြောခွင့်ရသူ ဦးတင်ဦးကတော့ ဒေသခံတွေ ကိုယ့်ရပ်ရွာကို ကာကွယ်ဖို့ ဆောင်ရွက်နေတာလို့ ဇန်နဝါရီလ ၁၁ ရက်နေ့မှာ RFA ကို ပြောထားပါတယ်။
နိုင်ငံတစ်ဝန်း တည်ငြိမ်မှုရစေဖို့ ပြည်သူ့လုံခြုံရေးနဲ့ ကာကွယ်ရေးကို တိုးမြှင့်လုပ်ဆောင် သွားမှာဖြစ်လို့ ပြည်သူတွေအနေနဲ့လည်း တတ်စွမ်းသမျှပါဝင်ကြဖို့ စစ်ကောင်စီက ထုတ်ဖော်ပြောဆိုထားပါတယ်။